Thursday, July 22, 2010

နတ်နှင့်ငရဲ ဘယ်မှာလဲ

မြန်မာပြည်တွင် ပေါ်ခဲ့ဘူးသမျှ မိစ္ဆာဝါဒများတွင် များစွာသော မိစ္ဆာဝါဒများသည် နတ်ပြည်, ဗြဟ္မာပြည်, ငရဲပြည်များကို ပစ်ပယ်ကြ၏။ ထိုဘုံထိုဘ၀များသည် ကုသိုလ်,အကုသိုလ်ကံတို့၏ အကျိုးဝိပါက်များဖြစ်၍ ထိုဘုံ ထိုဘ၀များကို ပယ်ခြင်းသည် ကံ၏အကျိုးကို ပစ်ပယ်သည်နှင့် တူ၏။ ကံ၏ အကျိုးကို ပစ်ပယ်လျှင် `၀ိပါကံ ပဋိဗာဟေန္တေနာပိ ကမ္မံ ပဋိဗာဟိတံ ဟောတိ။´ (ဒီ၊ဋ္ဌ၊၁၊၁၅၀) -ဟူသည့်အတိုင်း ကံကိုလည်း ပစ်ပယ်ရာရောက်၏။ ကံနှင့် ကံ၏အကျိုးကိုမျှ လက်မခံလျှင် ထိုပုဂ္ဂိုလ်များကို ဗုဒ္ဓဘာသာဝင်ဟု ဆိုနိုင်ပါဦးမည်လော။
ထိုပုဂ္ဂိုလ်များ၏ ရေးသားဟောပြောချက်များကို ဖော်ပြလိုပါသည်။
`လက်တွေ့ဖြစ်သော လူနှင့်တိရစ္ဆာန်ကို ပဓာနအခြေခံအဖြစ်ဖြင့် မူတည်၍ ထားခဲ့ကြကုန်၏။ တိရစ္ဆာန်ကို အခြေပြု၍ ပြိတ္တာ အသုရကာယ်နှင့် ငရဲသတ္တ၀ါဟူ၍ ထပ်မံခွဲခြားကြပြန်လေသည်။ ဤသုံးမျိုးကား မျက်တွေ့လက်တွေ့ မဟုတ်ဘဲ (၀ါ) စိတ်ကူးယဉ်တို့သာ ဖြစ်ကုန်၏။´ (လူသေလူဖြစ်-၁၁)
`ကောင်းကင်သို့ ကြည့်တဲ့ မှန်ပြောင်းကြီးများကို တီထွင်အသုံးပြုလိုက်သည်နှင့် တစ်ပြိုင်နက် ရှေးလူတို့ အမှန်ယုံကြည်ခဲ့ကြသော နတ်ပြည်ဗြဟ္မာပြည်ဆိုတဲ့ ကောင်းကင် ဘုံနန်းတွေဟာ နေရောင်တွေကြောင့် ဆီးနှင်းပေါက်ကဲ့သို့ တစ်ခုပြီးတစ်ခု ဆက်ကာဆက်ကာ ကွယ်ပြောက်၍ သွားကြရှာလေပြီ။´ (လူသေလူဖြစ်-၉၉-၁၀၀)
`နတ်ဗြဟ္မာသိကြားတို့ဟာ မုချအားဖြင့် စိတ်ကူးနယ်ပယ်အတွင်း၌သာ အသက်ဝင် နိုင်သော သတ္တ၀ါများ ဖြစ်ကြလေကုန်သတည်း´ (လူသေလူဖြစ်-၁၅၅)
`ဤဘ၀ ထိုဘ၀ နောင်ဘ၀အဆက်ဆက်နှင့်တကွသော နတ်ပြည် ဗြဟ္မာ့ပြည် ငရဲပြည် အသုရကာယ်ပြည်တို့သည် ဥပါဒါန်အတွေးနယ်ထဲ စိတ်ကူးယဉ်နယ်ထဲမှာသာ ရှိချေသည်။´ (၃၁-ဘုံဝါဒ ဗုဒ္ဓလက်မခံ- ၂၁၀)
`တန်ခိုးပြာဋိဟာတို့ကိုလည်းကောင်း၊ နတ်ဆိုးနတ်ဝါးနှင့် နတ်ကောင်းနတ်မြတ် တို့ကိုလည်းကောင်း၊ နတ်ပြည်ဗြဟ္မာ့ပြည်နှင့် ယမမင်း၏ အင်ပါယာနိုင်ငံတော်ကြီးများကို လည်းကောင်း ယုံကြည်မှုသည် လူသား၏ ဦးဏှောက်ကို ဖောက်ပြန်ချောက်ချားစေ၍ ဤကပ္ပါလောကကြီးကို အရူးထောင်အဖြစ်သို့ ရောက်စေခဲ့သည်။´ (အစွဲပြုတ် တဲကုတ်ရွှေနန်းတော်- ၅၄)
`နတ်ပြည်သို့ ရောက်ရေးအတွက် ဒါနများကို မလုပ်ပါက ငရဲများနှင့် ကြုံတွေ့ရပြီး နစ်နာမှုရှိတတ်သလို၊ နတ်ပြည်ဗြဟ္မာ့ပြည်ဟူ၍ တသီးတခြား မရှိပါဘဲနှင့် မရှိသည့်အလုပ်ကို ငွေကုန်ကြေးကျ အပင်ပန်းခံပြီး လုပ်နေပါကလည်း သစ်ခြောက်ပင်ကို ရေလောင်းသည့်ပမာ အသက်ထက်ဆုံး ဒုက္ခနှင့်သာ ကြုံတွေ့သွားနိုင်သည်။´ (နတ်နှင့်ငရဲ ဘယ်မှာလဲ- ၁၀)
အထက်ပါ ကောက်နှုတ်ချက်များသည် ၁၃၄၃ (၁၉၈၁) -ခုနှစ်က အဓမ္မ၀ါဒ၊ မိစ္ဆာဝါဒများအဖြစ် ဆုံးဖြတ်ခဲ့သော လူသေလူဖြစ်ဝါဒ၊ သမ္မာဒိဋ္ဌိသုတေသန၀ါဒ၊ ရွှေအဘိဓမ္မာဝါဒ- အမည်ခံကြသော ရှင်ဥက္ကဋ္ဌနှင့် အပေါင်းအပါများ ရေးသားထုတ်ဝေ ခဲ့ဘူးသော စာအုပ်များမှ ဖြစ်၏။
ဦးအေးမောင်၏ `ဗုဒ္ဓနှင့် ဗုဒ္ဓ၀ါဒ´-ဟူသော စာအုပ်သည် ၁၉၆၃-ခုနှစ်တွင် တစ်ကြိမ်၊ ၁၉၆၄-နှစ်တွင် တစ်ကြိမ် ထုတ်ဝေခဲ့၏။ သူ၏ အယူအဆများသည် ရှင်ဥက္ကဋ္ဌ၏ ၀ါဒများနှင့် ထပ်တူနီးပါးတူညီသည့်တိုင် ဂိုဏ်းဝင်အသင်းဝင် မဟုတ်သောကြောင့်ပေလော မသိ၊ သူ၏ စာအုပ်ကို စောဒကပုဂ္ဂိုလ်များ မတင်သွင်းခဲ့ကြပေ။
သို့ရာတွင် တိရစ္ဆာန်နှင့် လူမှတစ်ပါး ကြွင်းသော သတ္တ၀ါ၊ ကြွင်းသောဘုံတစ်တို့ကို လက်မခံလိုခြင်း၌ကား တူညီ၏။
`ဤသင်္ခဒမသုတ်နှင့် အထက်ကဖော်ပြခဲ့သော သီဝကသုတ်တို့ကို ဆင်ခြင် သုံးသပ်ပါက ယခုကာလ အများသောဗုဒ္ဓ၀ါဒီတို့ လက်ခံယုံကြည်သော အပါယ်ငရဲ ကမ္မ၀ိပါက၀ဋ် စသည့်အယူများသည် ဗုဒ္ဓ၏ ရှေးဦးမူလ ၀ါဒအစစ်ဖြစ်ပါ၏လော-ဟု သံသယဖြစ်ဖွယ်ရှိ၏။ ထိုအယူများနှင့် စပ်သော သုတ္တန်ဒေသနာများကို ပိဋကတ်စာပေ၌ တွေ့ရသည်မှန်၏။ သို့ရာတွင် ယင်းတို့သည် သဘာဝယုတ္တိရှိလှသော အထက်ပါ သုတ္တန်နှစ်ခုနှင့် ဆန့်ကျင်၍ ဗုဒ္ဓလုံးဝပယ်ခဲ့သော ဒိဋ္ဌုပါဒါန်နှင့် စွန်းငြိနေကြောင်း သတိပြုရာ၏။
မကောင်းမှု၏ အကျိုးဝိပါက်ကို ဘ၀ပေါင်းများစွာ ခံစားခဲ့ရပုံကို ပြသော သာဓကများကို ပိဋကတ်စာပေ၌ မတွေ့ရဘဲ အဋ္ဌကထာများ၌သာ တွေ့ရခြင်းကိုလည်း သတိပြုသင့်ပေ၏။ သုတ္တန်ဒေသနာများ၌မူ ဗုဒ္ဓသည် ထိုအကြောင်းများကို ဟောရန် အခါအခွင့်ကြုံသောအခါ၌ပင် မဟောခဲ့ချေ။ (ပ) အဋ္ဌကထာများ၌မူ ပစ္စုပ္ပန်ဝေဒနာ ခံစားရမှု အသေးအဖွဲများကိုပင် အတိတ်ဝတ္ထုများဖြင့် အကျယ်ချဲ့၍ ပြဆိုထား၏။ ထိုသို့ပြဆိုရာ၌လည်း ရဟန်းတပါးအား ကြံတစ်ချောင်းလှူ၍ နတ်သ္မီးဖြစ်ရပုံ၊ အခြားရဟန်းတစ်ပါးအား ဆွမ်းပစ္စည်းကို ၀န်တိုပိတ်ပင်မိသဖြင့် ရဟန်းတစ်ပါးမှာ ဘ၀ပေါင်းများစွာ ငရဲခံ၊ တိရစ္ဆာန် ပြိတ္တာဖြစ်၍ နောက်ဆုံးဘ၀၌ပင် ဆွမ်းဝအောင် မစားရပဲ နိဗ္ဗာန်ပြုရပုံ စသည်များမှာ အကြောင်းနှင့်အကျိုး ညီညွတ်မျှတခြင်းမရှိဘဲ သဘာဝယုတ္တိ ကင်းမဲ့လှချေသည်။´ (ဗုဒ္ဓနှင့်ဗုဒ္ဓ၀ါဒ-ဒု၊ ၉=၁၀)
ဗုဒ္ဓ၏ ကိုယ့်ဝန်ကိုယ်ထမ်းဝါဒကို လက်ခံယုံကြည်သောသူသည် နတ်ဗြဟ္မာတို့ကို ယုံကြည်ကိုးစားရန် မလိုသကဲ့သို့ ဗုဒ္ဓ၏ ကမ္မသတ္တိဝါဒကို သိရှိနားလည်သောသူသည် ငရဲကို ကြောက်ရန်မလိုချေ။ ငရဲသည် ရှေးလူတို့၏ စိတ်ကူးစိတ်သန်းမျှသာဖြစ်ကြောင်း အိန္ဒိယဗုဒ္ဓ၀ါဒီတို့၏ ငရဲနှင့် တိဗက်ဗုဒ္ဓ၀ါဒီတို့၏ ငရဲကို နှိုင်းရှည့်ခြင်းဖြင့် သိအပ်၏။ ပူပြင်းသော ရာသီဥတုဒဏ်ကို ခံရသော အိန္ဒိယဗုဒ္ဓ၀ါဒီတို့၏ ငရဲသည် အလွန်ပူ၍ အအေးဒဏ်ကို ခံရသော တိဗက်ဗုဒ္ဓ၀ါဒီတို့၏ ငရဲကား အလွန်အေးသည် ဆို၏။ စင်စစ် ထင်ရှားသော ရှေးတိဗက်ဗုဒ္ဓကျမ်းတစ်စောင်၌မူ ငရဲမင်းနှင့်တကွ ငရဲသားများသည် ဧကန်ထင်ရှားမရှိဘဲ လူတို့၏ ကမ္မသတ္တိကြောင့် ဖြစ်ပေါ်လာသော စိတ်အာရုံများသာလျှင် ဖြစ်သည်ဟု ပြဆိုထား၏။ (Edward Conze, “Buddhist Scriptures”) (ဒု၊ ၂၄၄)
အထက်ပါ ကောက်နှုတ်ချက်များသည် ဒုတိယအကြိမ်ထုတ် စာအုပ်များမှ ဖြစ်၏။ ယခုတတိယအကြိမ်၌ကား စာပေစိစစ်ရေးကောင်းမှုကြောင့် အချို့သော စာသားများ ပါမလာတော့ပေ။
၁၃၄၄- (၁၉၈၃) ခုနှစ်က မိစ္ဆာဝါဒ၊ အဓမ္မ၀ါဒအဖြစ် ဆုံးဖြတ်ခဲ့သော ဦးမာလာဝရ (ရေတာရှည်)၏ အယူအဆတွင်ကား ငရဲပြည်သည် ဂင်္ဂါမြစ်ကမ်းတွင် ရှိသည်ဆို၏။ ဒေ၀သည် တောင်ပေါ်သားများဖြစ်၍ ဒေ၀ငါးရွာနှင့် မာရဒေ၀ရွာ တစ်ရွာရှိသည် ဆို၏။
ယင်းဒေ၀ငါးရွာမှာ-
(၁) စတုမဟာရာဇိကဒေ၀ရွာ (၂) တာဝတိံသာဒေ၀ရွာ (၃) ယာမာဒေ၀ရွာ
(၄) တုသိတာဒေ၀ရွာ (၅) နိမ္မာနရတိဒေ၀ရွာ- တို့ဖြစ်၏်။ မာရဒေ၀တစ်ရွာသာ ရှိပါသည်။ သမိုင်းတွင် ၎င်းကို ပရနိမ္မိတ၀သ၀တီ-ဟု ခေါ်ဆိုသည်။ (၎င်းဝိနိစ္ဆယ-၃၉)
ဤသို့ နတ်ပြည်ခြောက်ထပ်ကို ဟိမ၀န္တာဒေသရှိ ရွာခြောက်ရွာအဖြစ် ဦးမာလာဝရ ကြံဆခဲ့သော်လည်း ရှင်ဥက္ကဋ္ဌ၀ါဒအလိုကား ဒေသသီးခြားမရှိ။
`နတ်=နတ်ဆိုသည့်ပါဠိစကားမှာ မြန်မာလို စည်းစိမ်ခံစားခြင်းကို ခေါ်၍ ဤခန္ဓာအတွင်းမှာရှိသော စက္ခု,သောတ, ဃာန, ဇိဝှါ, ကာယ, မန၊ ဤ(၆)ခုတို့ဖြင့် ခံစားမှုပြုခြင်းကိုပင် စည်းစိမ်ခံစားမှု နတ်ခြောက်ဘုံဟု ခေါ်ဆိုရခြင်းဖြစ်ကြောင်း ဗုဒ္ဓဟောသော ပါဠိများကို ခန္ဓာနည်း၊ လက်တွေ့နည်းတို့ဖြင့် ပေါင်းစပ်ရှာဖွေပါက မိမိတို့ ခန္ဓာအတွင်းရှိသော ဤခြောက်ခုကိုပင် နတ်ဘုံခြောက်ဘုံ ဖြစ်ကြောင်း ထင်ရှားစွာ တွေ့ရပါသည်။´ (နတ်နှင့်ငရဲ ဘယ်မှာလဲ၊ စာ-၂၃)
၎င်းတို့အလို စည်းစိမ်ခံစားမှုကို နတ်ခေါ်သကဲ့သို့ ဆင်းရဲဒုက္ခရောက်ခြင်းကိုပင် ငရဲဟု ဆိုလို၏။ သူတို့၏ ငရဲကြီးရှစ်ထပ် အဓိပ္ပါယ်ဖွင့်ဆိုပုံကို ကြည့်ပါ။--
(၁) သိန်းဇီဝ= ဇီဝ၏ အဓိပ္ပါယ်မှာ အသက်ကို ခေါ်ပါသည်။ သိန်း၏အဓိပ္ပါယ်မှာ သေလုနီးပါးဟု ခေါ်ပါသည်။ နှစ်ခုပေါင်းလိုက်လျှင် သိန်းဇီဝ- သေလုနီးပါးအထိ ပူလောင်ကျွမ်းမှုကြီး ဖြစ်ရခြင်းဟု ပြဆိုခြင်းဖြစ်သည်။
(၂) ကာလသုတ်= ကြိုးနှင့်တုပ်နှောင်ထားဘိသကဲ့သို့ ရုန်းထွက်၍ မရသလို ပူလောင်မှုဒဏ်ကို ခံနေရခြင်း။
(၃) သင်္ဃာတ= သံမီးတောင်ကြီး၏ အပူရှိန်ဖြင့် ဖိကပ်၍ ထားဘိသကဲ့သို့ ပူလောင်ခံနေရခြင်း။
(၄) ရောရုဝ= အသံအော်ဟစ်လျက် မခံမရပ်နိုင်ဘဲ ပူလောင်မှုဒဏ် ခံနေရခြင်း။
(၅) မဟာရောရုဝ= ထ၍မနိုင် ထိုင်၍မရ ဘယ်လိုနေရမှန်းမသိ ဖြစ်ရသည်အထိ ပူလောင်ကျွမ်းမှုဒဏ်ကို ခံနေရခြင်း။
(၆) တာပန= အသံမထွက်နိုင်တော့ဘဲ ရင်လုံးဆောင့်လျက် ပူဆွေးလောင်ကျွမ်း ဒဏ် ခံနေရခြင်း။
(၇) မဟာတာပန= အလွန်ပြင်းထန်စွာ အသံမထွက်နိုင်တော့ဘဲ သတိပင်မရ မေ့မြောကြရသည်အထိ ပူလောင်မှုဒဏ်ကို ခံနေရခြင်း။
(၈) အ၀ီစိ = တစ်ချက်ကလေးမျှ မေ့ပျောက်၍ မရနိုင်လောက်အောင် အေးကွက်စပ်ကြား မရှိပဲ ပူလောင်နေခြင်းတည်းဟူသော ပူလောင်ကျွမ်းမှုအမျိုးမျိုး (၈)မျိုး (၈)ထပ်တို့၏ နှိပ်စက်မှုဒဏ်များကို ခံနေရသူတို့ကို ငရဲကြီးရှစ်ထပ်တွင် ကျခံနေရသူများဟု ကျမ်းဂန်၌ ပြဆိုမှုပြုခြင်း ဖြစ်သည်။ (နတ်နှင့်ငရဲ ဘယ်မှာလဲ - စာ=၂၄၊၂၅)
၁၃၄၅ (၁၉၈၃) - ခုနှစ်တွင် (သာကေတမြို့နယ်၊ ဓမ္မနီတိဗိမာန်ကျောင်းမှ ဦးပညာဝံသ၏) ဓမ္မနီတိဝါဒကို အဓမ္မ၀ါဒ၊ အ၀ိနယ၀ါဒအဖြစ် ဆုံးဖြတ်ကြေညာခဲ့၏။
ထိုဆရာတော်သည်လည်ုး `၃၁-ဘုံ၊ ကုသိုလ်အကုသိုလ်တို့သည် ပရမတ်အားဖြင့် မရှိကြ၊ အရိပ်ပညတ်တွေသာ ဖြစ်ကြသည်။´ဟု ဟောပြောသတဲ့။
`ကျောက်ပုံတောရ၀ါဒီ ၀ိဘဇ္ဇ၀ါဒပညာသိဝိပဿနာအဖွဲ့မှ ပုသိမ်ဆရာညွန့်၏ ဟောပြောချက်ကား ဤသို့တဲ့။
(က)`စိတ်တရား, စေတသိက်တရား, ရုပ်တရားတွေဟာ စိတ်နဲ့စေတသိက်ကို ဘာခေါ်သလဲ နာမ်ခေါ်တယ်၊ စိတ်နဲ့စေတသိက်မဟုတ်လို့ ကျန်တဲ့သဘောတရားတွေ ဘာခေါ်လဲ (ရုပ်ပါ) ဒါဖြင့် ရုပ်မဟုတ်တဲ့ နာမ်တွေကို ဘုံတပ်လိုက်တော့ အရူပဘုံခေါ်ရင် မှားမလား မမှားပါဘူး၊ နာမ်မဟုတ်တဲ့ ရုပ်တွေကို ကျွန်တော်တို့ ဘုံတပ်ကြည့်ရင် ရူပဘုံ၊ အဲဒီ နာမ်နဲ့ရုပ်ကို နှစ်သက်နေတဲ့ လူတွေကျမှ ကာမဘုံလို့တပ်၊ ဘုံတွေဘယ်နှစ်ဘုံလဲ အဲဒီဘုံသုံးဘုံမှ ဘုရားဟောတာ၊ ၃၁-ဘုံက ဘုရားမဟောခင်ထဲက အများပြောတာ၊ အများပြောတာက ၃၁-ဘုံ၊ ဘုရားဟောတာက သုံးဘုံ၊ နာမ်ကို ရုပ်မဟုတ်တဲ့ အတွက်ကြောင့် အရူပ၊ ရုပ်ကို နာမ်မဟုတ်တဲ့အတွက်ကြောင့် ရူပ၊ အဲဒီနာမ်ရုပ်တွေ ပေါ်တိုင်းပေါ်တိုင်း နှစ်သက်နေကြတဲ့ လူဟူသမျှ ကာမ၊ အဲဒီဘုံသုံးပါးပါပဲ၊ ရှင်းတယ်မဟုတ်လား။ ၃၁-ဘုံက ဘုရားမပွင့်ခင်ကတည်းက အများသိတဲ့တရား၊ မမှန်ဘူးလား၊ ဘုံသုံးပါးက အများသိတဲ့တရားမဟုတ်ဘူး၊ ဘုရားပွင့်လာမှ ဘုရားဟောတဲ့ တရားဖြစ်နေတော့ သူကနောက်ကျ။
(ခ) ဘုရားဟောတဲ့ ဘုံဘ၀သည် ကာမ,ရူပ,အရူပဖြစ်ပါတယ်။ ဘုရားမဟောတဲ့ ဘုံဘ၀သည် ၃၁-ဘုံဖြစ်ပါတယ်။ ၃၁-ဘုံဟာ ဘုရားဟောတာမဟုတ်ပါဘူး။ ဘုရားဟောတာ ဘုံသုံးပါးကို ဟောတာပါ။
အထက်ပါအတိုင်း ကုသိုလ်အကုသိုလ်ကံတို့၏ အကျိုးတရားဖြစ်သော ဘုံဘ၀တို့ကို ပယ်သဖြင့် ထိုဘုံဘ၀တို့ကိုရောက်ကြောင်း ကောင်းမှု မကောင်းမှု ကံများလည်း မရှိ-ဟု ပယ်ရာရောက်ရကား ထိုပုဂ္ဂိုလ်များကို နိယတမိစ္ဆာဒိဋ္ဌိက (သေပြီးနောက် ငရဲသို့ ဧကန်ရောက်ရမည့် မိစ္ဆာအယူရှိသူများ) ဟု ခေါ်ဆိုပါသည်။
``သတ္တ၀ါတစ်ယောက်၊ ယူမှားမှောက်ကို၊ သိန်းလောက်ဘုရား၊ လှန်သောအားဖြင့်၊ ဟောကြားခြေချွတ်၊ ဖြေမလွတ်ဘူး၊ အကျွတ်မရ၊ နိယတဖြင့်၊ ၀ါဒအလို၊ မြေကြီးမျိုလည်း၊ ယူကိုစွန့်ဘဲ၊ အကျင့်လွဲ၍၊ ငရဲခံလိမ့် မည်သော့ကြောင့်။´ (မဃဒေ၀-၃၁၉)-ဟူသည့်အတိုင်း ထိုပုဂ္ဂိုလ်များသည် အယူမစွန့်ဘဲ ငရဲသို့ သွားမည့်သူများ ဖြစ်၏။ ထိုသူတို့သွားသော ငရဲသို့ အဖော်အဖြစ် မလိုက်ပါမိကြပါစေနဲ့။
အရှင်ကောဝိဒ (ယော)

Tuesday, July 13, 2010

မောဟ၏ သဘောသဘာဝ

ကျွန်တော်သည် အဘိဓမ္မာဆိုင်ရာ စာအုပ်တို့ကို ဖတ်ရှုပြီး ကိုယ်တိုင်မဝေခွဲ မဆုံးဖြတ်နိုင်သော မေးခွန်းတစ်ခုကို တင်ပြလိုပါသည်။
- မောဟ (စေတသိက်)သည် သိသင့်တာကို မသိ၊ မသိသင့်တာကို သိသည်ဟုအချို့ စာများတွင် တွေ့ရသည်။
- မောဟ (စေတသိက်)သည် အာရုံ၏ သဘောကို ဖုံးလွှမ်းတတ်သဖြင့် အမှန်တွေကို မသိမလို အမှားတွေကိုလည်း မသိ၊ ဘာကိုမှ မသိကြောင်း အချို့စာများတွင် တွေ့ရသည်။
ထို့ကြောင့် မောဟ၏ ကိစ္စ (အလုပ်တာဝန်) ကို ပရိယတ္တိပညာရှင်များက ဖြေကြားပေးလိမ့်မည်ဟူသော အားကိုးဖြင့် မြတ်ပန်းရဂုံစင်မြင့်သို့ တင်လိုက်ရပါသည်။
ရတနာပုံ မောင်သစ်
မောဟ၏ သဘော
၃၉၀။ ထိုအခါ၌ တွေဝေမှု `မောဟ´ ဟူသည် အဘယ်သဘော ဖြစ်သနည်း။
ထိုအခါ၌ အကြင် မသိခြင်းသဘော `အညာဏ´၊ (အမှန်တရားကို) မမြင်ခြင်းသဘော `အဒဿန´ ၊ ထိုးထွင်း၍ မသိတတ်သော သဘော `အနဘိသမယ´။ (အမှန်တရားအား) လျော်စွာ မသိတတ်သောသဘော `အနနုဗောဓ´။ (အနိစ္စစသည်တို့နှင့်ယှဉ်၍) မသိတတ် သော သဘော (မှားယွင်းစွာ သိတတ်သောသဘော) `အသမ္ဗောဓ´ ၊ ထိုးထွင်း၍ မသိခြင်း သဘော `အပ္ပဋိဝေဓ´။ (အနိစ္စစသည်ဖြင့်) မယူတတ်သော သဘော `အသံဂါဟန´၊ (အမှန်တရားကို) သက်ဝင်၍ မယူတတ်သောသဘော `အပရိယောဂါဟန´၊ ညီညီညွတ်ညွတ် မရှုတတ်သော (အနိစ္စစသည်ကို နိစ္စစသည်ဟု မညီမညွတ် ရှုတတ်သော) သဘော `အသမပေက္ခန´ ၊ မဆင်ခြင်တတ်သော သဘော `အပစ္စဝေက္ခန´ ၊ မျက်မှောက် မရှုတတ်သော သဘော (အကောင်းအဆိုးကို မဝေခွဲတတ်သော သဘော) `အပစ္စက္ခကမ္မ´၊ (စိတ်) ဖြူစင် သန့်ရှင်းမှုကို ဖျက်ဆီးကြောင်း သဘော `ဒုမ္မေဇ္ဈ´၊ လူမိုက်ဖြစ်ကြောင်း သဘော `ဗာလျ´ ၊ ကောင်းစွာ (ခွဲခွဲခြားခြား) အပြားအားဖြင့် မသိတတ်သော သဘော `အသမ္ပဇည´၊ တွေဝေခြင်းသဘော `မောဟ´ ၊ ပြင်းစွာတွေဝေခြင်း သဘော `ပမောဟ´။ (တရားအားလုံး၌) ထက်ဝန်းကျင် တွေဝေခြင်း သဘော `သမ္မောဟ´၊ သိအပ်သည်ကို မသိခြင်း (သစ္စာလေးပါးကို မသိခြင်း) သဘော `အ၀ိဇ္ဇာ´။ (၀ဋ်ဆင်းရဲ၌) နစ်မြုပ်စေတတ်သော မသိမှု သဘော `အ၀ိဇ္ဇောဃ´။ (၀ဋ်ဆင်းရဲ၌) ယှဉ်စေတတ်သော မသိမှုသဘော `အ၀ိဇ္ဇာယောဂ´ ၊ အစဉ် ကိန်းဝပ်တတ်သော မသိမှုသဘော `အ၀ိဇ္ဇာနုသယ´။ (ကိလေသာတို့၏) ထကြွ သောင်းကျန်းခြင်း မသိမှုသဘော `အ၀ိဇ္ဇာပရိယုဋ္ဌာန´။ (စီးပွားချမ်းသာသို့ မရောက်နိုင်အောင် ပိတ်ပင်တတ်သဖြင့်) တံခါးကျည် (မင်းတုတ်) နှင့် တူသော မသိမှုသဘော `အ၀ိဇ္ဇာလင်္ဂီ´ ၊ အကုသိုလ်တို့၏ အခြေအမြစ်ဖြစ်သော တွေဝေမှု `မောဟအကုသလမူလ´ သည် (ရှိ၏)။ ထိုအခါ၌ တွေဝေမှု `မောဟ´ ဟူသည် ဤသဘော ဖြစ်၏။
အထက်ပါ ဖွင့်ဆိုချက်များသည် ဓမ္မသင်္ဂဏီပါဠိတော်မြန်မာပြန်မှ မောဟ၏ ပရိယာယ်ပုဒ်များ ဖြစ်၏။
သင်္ဂြိုဟ်ဘာသာဋီကာမှ မောဟနှင့် ပတ်သက်သော ရေးသားချက်များကို ဖော်ပြပါဦးမည်။
မောဟ။ ။ မုယှတီတိ မောဟော နာမ, ဧသော အညာဏလက္ခဏော၊ အာလမ္ဗနသဘာဝစ္ဆာဒ ရသော-န္ဓကာရုပဋ္ဌာနော၊ အယောနိသောမနသိကာရ - ပဒဋ္ဌာနောတိ သညိတော။
ဝစနတ္ထ, လက္ခဏာ။ ။[မုယှတီတိ-အာရုံ၌ တွေဝေတတ်သည်၏ အဖြစ်ကြောင့်၊ မောဟော နာမ- မောဟမည်၏၊ ဧသော - ဤမောဟသည်၊ အညာဏလက္ခဏော၊ ဉာဏ်၏ ဆန့်ကျင်ဘက် လက္ခဏာရှိ၏။] -မုယှတိအရ အာရုံ၌ တွေဝေခြင်းဟူရာ၌ ၀ိစိကိစ္ဆာ သဘောကဲ့သို့ မဆုံးဖြတ်နိုင်ဘဲ ဝေတေတေဖြစ်နေခြင်းမဟုတ်, အာရုံ၏ အမှန်သဘောကို မသိခြင်းပင်တည်း၊ ထို့ကြောင့် မုယှတိကို `နဗုဇ္ဈတိ´ဟု ဋီကာတို့ ဖွင့်ကြသည်၊ ဘ၀င်ကျ၍ အိပ်ပျော်နေသလို မသိရုံသက်သက်မဟုတ်, ဉာဏ်သည် အမှန်ကိုသိသကဲ့သို့ မောဟသည် အမှားကိုသိ၏၊ ထို့ကြောင့် ဉာဏ်၏ဆန့်ကျင်ဘက် ဖြစ်ခြင်း လက္ခဏာရှိသည်။
ရသ,ပစ္စုပဋ္ဌာန်။ ။[အလမ္ဗသဘာဝစ္ဆာဒရသော - အာရုံ၏ သဘောမှန်ကို ဖုံးကွယ်ခြင်း ကိစ္စရှိ၏၊ အန္ဓကာရဥပဋ္ဌာနော - ပညာစက္ခုကို ကန်းအောင်ပြုတတ်သောတရားဟု ယောဂီတို့ ဉာဏ်အားထင်လာ၏။] -အာရုံ၏ ဟုတ်မှန်သောသဘောဟူသည် ဒုစရိုက်တရားတို့၏ မကောင်းဆိုးဝါးသော သဘော,သုစရိုက်တို့၏ ကောင်းသောသဘော, ဒုက္ခသစ္စာစသည်တို့၏ သဘော, အတိတ်ဘ၀နှင့် အနာဂတ်ဘ၀တို့ရှိခြင်းသဘော, ပဋိစ္စသမုပ္ပါဒ်၏ သဘောစသည် တည်း။ ဤသဘောမျိုးကို မသိအောင် ကာကွယ်ဖုံးလွှမ်းထားခြင်းသည် မောဟ၏ ကိစ္စတည်း၊ ဤဖုံးလွှမ်းကာကွယ်မှုကြောင့်ပင် ဒုစရိုက်သဘောကို သိပြီးသော ပညာရှိဖြစ်စေကာမူ မောဟ ၀င်လာသော အခါ ထိုဒုစရိုက်တို့၏ အပြစ်ကို မမြင်နိုင်ဘဲ ပြုမှားမိကြလေသည်။ ထို့ကြောင့် `ဤ မောဟသည် ရှိပြီးသော ပညာစက္ခုကို ကန်းအောင်ပြုတတ်သောတရား´ဟု ယောဂီတို့ ဉာဏ်မှာ ထင်လာသည်။
ပဒဋ္ဌာန်။ ။[အယောနိသောမနသိကာရပဒဋ္ဌာနောတိ - အယောနိသောမနသိ ကာရလျှင် နီးစွာသောအကြောင်းရှိ၏ဟူ၍၊ သညိတော - မှတ်အပ်၏။] -`အယောနိသော ဘိက္ခဝေ မနသိကရောတော အနုပ္ပန္နာ စေ၀ အကုသလာ ဓမ္မာ ဥပပဇ္ဇန္တိ´နှင့်အညီ မသင့်မတင့် နှလုံးသွင်းသူ၏ သန္တာန်၌ အကုသိုလ်တရား တိုးပွားမြဲဖြစ်ရကား အယောနိသောမနသိကာရ သည် မောဟ၏ နီးစွာသော အကြောင်းတည်း။
မှတ်ချက်။ ။ ပဒဋ္ဌာန်မပါသော အကုသိုလ်အရာ၌ ဤအယောနိသောမနသိကာရကို ပဒဋ္ဌာန်ဟုမှတ်ပါ၊ မောဟနှင့်စပ်၍ အခြားမှတ်သားဖွယ်ရာများကို ပစ္စည်းပိုင်း အ၀ိဇ္ဇာပုဒ်၌ ရှုပါ။
[ဆောင်] သဘောမှန်ရာ, ဖုံးကွယ်ကာ၍, ပညာစက္ခု, ကန်းအောင်ပြုလျှင်း, မိုက်မဲခြင်း, မယွင်းမောဟသဘောတည်း။ (၁၂၁)
ဆရာတော်ညွှန်းသည့်အတိုင်း ပစ္စည်းပိုင်း အ၀ိဇ္ဇာပုဒ်ကို ဆက်လက်ဖော်ပြပါမည်။ အ၀ိဇ္ဇာ။ ။ န ၀ိဒတိ- မသိတတ်၊ ဣတိ- ထို့ကြောင့်၊ အ၀ိဇ္ဇာ- အ၀ိဇ္ဇာမည်၏။ တရားကိုယ်အားဖြင့် မောဟတည်း။ ဤအ၀ိဇ္ဇာသည် သိထိုက်သော အရာဌာနကို မိမိကိုယ်တိုင်လည်း မသိတတ်၊ မိမိနှင့် ယှဉ်ဘက် အကုသိုလ်စိတ် စေတသိက်များကိုလည်း ကောင်း၊ မိမိကိန်းရာ သတ္တ၀ါကိုလည်းကောင်း မသိစေတတ်။ မျက်စိ၌ တိမ်သလာ ဖုံးလွှမ်းနေသူသည် တိမ်သလာအတွက်ကြောင့် မြင်သင့်မြင်ထိုက်သော အရာဌာနကို မမြင်ရသကဲ့သို့တည်း။ ဤအ၀ိဇ္ဇာ၏ ဖုံးလွှမ်းရာဌာနကို `သစ္စာလေးပါး ပုဗ္ဗန္တ အပရန္တ ပုဗ္ဗန္တာပရန္တ ပဋိစ္စသမုပ္ပါဒ်´-ဟု အဘိဓမ္မာနည်းအားဖြင့် ရှစ်ဌာနပြ၏။ ထိုတွင် ဘုံသုံးပါး၌ ရှိရှိသမျှ နာမ်ရုပ်တွေသည် ဒုက္ခသစ္စာတွေချည်းတည်း။ ထိုဒုက္ခတွေကို ဒုက္ခဟု မသိမမြင်နိုင်ခြင်းသည် ဒုက္ခသစ္စာကို ဖုံးလွှမ်းသော အ၀ိဇ္ဇာပင်တည်း။ ထို့အတူ တဏှာ လောဘကို ဒုက္ခဖြစ်ကြောင်းမှန်း မသိခြင်း၊ နိဗ္ဗာန်ကို ဒုက္ခ၏ ချုပ်ရာမှန်း မသိခြင်းသည် သမုဒယ နိရောဓ မဂ္ဂသစ္စာကို ဖုံးလွှမ်းသော အ၀ိဇ္ဇာပင်တည်း။
အန္တ၏ အနက်။ ။ ပုဗ္ဗန္တ-စသည်၌ အန္တသဒ္ဒါသည် အဖို့အစုဟူသော အနက်ကို ဟော၏။ အချို့ပုထုဇဉ်များသည် ရှေးအတိတ်ဘ၀၌ ဖြစ်ခဲ့သည်ကို မယုံကြည်၊ ယခုဘ၀မှ ထာဝရဘုရား စသူတို့ ဖန်ဆင်း၍ ဖြစ်ရသည်ဟု မှတ်ထင်၏။ သို့သော် နောက်နောက်ဘ၀၌ ဆက်ကာဆက်ကာ ဖြစ်ဦးမည်ကိုကား ယုံကြည်၏။ ထိုသူ၏ အ၀ိဇ္ဇာသည် `ပုဗ္ဗန္တေ အညာဏံ´ အရ အတိတ်ဘ၀၌ ဖြစ်သော ခန္ဓာ အာယတန ဓါတ်အစု၌ ဖုံးလွှမ်းသော အ၀ိဇ္ဇာတည်း။ အချို့ကား ရှေးအတိတ်က ဖြစ်ခဲ့ရပုံကို ယုံကြည်၏၊ သို့သော် နောက်ဘ၀၌ ရဟန္တာမဖြစ်သေး သမျှ ဆက်လက်ဖြစ်ရဦးမည်ကို မယုံကြည်၊ သေလျှင် ပြီးတာပဲ-ဟူသော ဥစ္ဆေဒဒိဋ္ဌိဘက်သို့ သက်ဝင်လျက် ရှိ၏။ ထိုသူ၏ အ၀ိဇ္ဇာသည် `အပရန္တေ အညာဏံ´ အရ နောက်နောက်ဘ၀၌ ဖြစ်သော ခန္ဓာ အာယတန ဓါတ်အစုကို ဖုံးလွှမ်းသော အ၀ိဇ္ဇာတည်း။ အချို့ကား ရှေးဘ၀ နောက်ဘ၀ကိုပင် မယုံကြည်၊ ထိုသူ၏ အ၀ိဇ္ဇာသည် `ပုဗ္ဗန္တာပရန္တေ အညာဏံ´အရ ရှေ့နောက် ဖြစ်သော ခန္ဓာ အာယတန ဓါတ်အစုကို ဖုံးလွှမ်းသော အ၀ိဇ္ဇာတည်း။
ထို့ပြင် အ၀ိဇ္ဇာသည် ပဋိစ္စသမုပ္ပါဒ်တရားကို ဖုံးလွှမ်းတတ်သေး၏။ အ၀ိဇ္ဇာစသည်က အကြောင်း၊ သင်္ခါရစသည်က အကျိုး၊ အ၀ိဇ္ဇာစသော အကြောင်းကြောင့်သာ သင်္ခါရစသော အကျိုးများ ဖြစ်ရသည်ဟု နားမလည်အောင် ဖုံးလွှမ်းကွယ်ကာသည် ဟူလို။ ဤအ၀ိဇ္ဇာသည် အဆင့်ဆင့်ထောက်ဆ၍ အထူးအပါးကွဲပြား၏။ ကုသိုလ်အကုသိုလ်မှန်းကိုမျှ မသိအောင် ဖုံးလွှမ်းထားသော အ၀ိဇ္ဇာသည် အလွန်ထူပိန်းသော အ၀ိဇ္ဇာတည်း။ ကုသိုလ် အကုသိုလ်မှန်း သိတတ်၍ အကုသိုလ်အချက်ပေါ်လာလျှင် `မတော်ပါတကား´ဟု ရှောင်ရှားတတ်၊ ကုသိုလ်ဟူသမျှကို ပြုတတ်လျှင် အ၀ိဇ္ဇာ အတော်ပါးလှပ်လေပြီ။ သို့သော် အ၀ိဇ္ဇာကင်းဖို့ အရေးမှာ များစွာဝေးပါသေး၏။ သောတာပန် သကဒါဂါမ် အနာဂါမ်အဖြစ်ရောက်၍ သစ္စာလေးပါးစသည်ကို ထွင်းဖောက်သိမြင်နိုင်သော်လည်း အ၀ိဇ္ဇာမှာ ပါးသည်ထက် ပါးရုံသာ ရှိသေး၏။ ရဟန္တာအဖြစ်ကျမှ အ၀ိဇ္ဇာအားလုံးကင်းလေသည်။ ဤနေရာဝယ် `သစ္စာလေးပါး စသည်ကို သိသည်´ ဟု ဆိုရာ၌ ယခုကာလ သင်္ဂြိုဟ်သရုပ်ခွဲသမားတို့ အသိမျိုးကဲ့သို့ သရုပ်ရေတွက်တတ်သော အသိမျိုးမဟုတ်၊ သရုပ်ရေတွက်တတ်မှုမှာ သညာသိ (အမှတ်သိ) မျိုးသာတည်း၊ ဉာဏ်သိမဟုတ်သေး။ ဉာဏ်ဖြင့် ဒုက္ခသဘော သမုဒယသဘော စသည်ကို သိမှသာ အသိဟု မှတ်ပါ။
အ၀ိဇ္ဇာကင်းသော်လည်း အကုန်မသိ။ ။ အ၀ိဇ္ဇာကင်း၍ ရဟန္တာဖြစ်သောအခါ လောကီ လောကုတ္တရာအားလုံးကို ကုန်စင်အောင် သိပြီဟု မမှတ်ရ၊ သိသင့်သိထိုက် သလောက် သစ္စာလေးပါးစသည်ကို သိခြင်းသာလျှင် လိုရင်းတည်း။ ရဟန္တာဖြစ်သော်လည်း ပဋိသမ္ဘိဒါပတ္တရဟန္တာ မဟုတ်လျှင် ပိဋကကို တမင်သင်ယူမှ တတ်နိုင်သည်။ ပိဋကတတ်သော် လည်း သူတစ်ပါး၏ အဇ္ဈာသယကို ကျနစွာမသိ၊ အာသယာနုသယဉာဏ် ဣန္ဒြိယပရော ပရိယတ္တိဉာဏ် သဗ္ဗညုတဉာဏ်ရှင် ဖြစ်တော်မူသော ဘုရားရှင်သာလျှင် သိဖွယ်အားလုံးကို ကုန်စင်အောင် သိမြင်တော်မူနိုင်သည်၊ ထိုကဲ့သို့ လောကီလောကုတ္တရာ အားလုံးကို ကုန်စင်အောင် မသိမြင်ခြင်းမှာ အ၀ိဇ္ဇာ၏ ဖုံးလွှမ်းမှုမဟုတ်၊ မိမိဉာဏ်၏ သတ္တိနည်းမှုသာ ဖြစ်သည်။ ဥပမာ- နေ့ခင်းကြောင်တောင်ဝယ် အဝေးမှာတည်သော ရူပါရုံကို မမြင်ခြင်းသည် အမှောင်၏ ကာကွယ်မှုကြောင့်မဟုတ်၊ မိမိစက္ခု၏ သတ္တိနည်းမှုသာ ဖြစ်သကဲ့သို့တည်း။
ဆက်ဦးအံ့- ဘုရားရှင်ကလွဲလျှင် အရှင်သာရိပုတြာသည် ဉာဏ်တော်အကြီးဆုံးတည်း။ ထိုအရှင်သာရိပုတြာသည်ပင် မိမိတပည့် ရဟန်းကလေးအား ကမ္မဋ္ဌာန်းအပေး မှားခဲ့ဘူး၏။ ရဟန်းကလေးကား ငယ်ရွယ်သူတည်း၊ `ငယ်ရွယ်သူ့ စိတ်ဓါတ်သည် ကာမဘက်၌ ညွတ်တတ်၏´ဟု နှလုံးပြု၍ အသုဘကမ္မဋ္ဌာန်းကို ပေးလေရာ၊ စရိုက်နှင့် မတဲ့သောကြောင့် လေးလပတ်လုံး အားထုတ်သော်လည်း တရားထူးမရ၊ နိမိတ်ကလေးမျှ မထင်၊ ထို့ကြောင့် ဘုရားရှင်အား အရှင်သာရိပုတြာက အကြောင်းကို လျှောက်ထားသောအခါ ငယ်ရွယ်သူပင် ဖြစ်သော်လည်း ဘ၀ငါးရာလောက် ရွှေပန်းထိမ်သည်ချည်း လုပ်ခဲ့ဘူး၍ နီမြန်းသော ရွှေများကို ကြည့်ရှုရဖန်များသောကြောင့် အဇ္ဈာသယနှင့်တန်အောင် ဘုရားရှင်က ပဒုမာကြာနီပန်းကို ဖန်ဆင်းပြလျက် အနိစ္စသဘောကို ဖော်ပြတော်မူလေသော် တနေ့ချင်းဖြင့် တရားပေါက်၍ ရဟန္တာအဖြစ်သို့ ရောက်လေသည်။ ထို့ကြောင့် ရဟန္တာဖြစ်ပါလျက် အားလုံးကို မသိခြင်းမှာ ဉာဏ်သတ္တိကုန်မှုကြောင့်သာ ဖြစ်၏။ အ၀ိဇ္ဇာဖုံးလွှမ်းမှုကြောင့် မဟုတ်။ အ၀ိဇ္ဇာ၏ ဖုံးလွှမ်းရာ ဌာနမှာ သစ္စာလေးပါးနှင့် ပုဗ္ဗန္တစသော တရားစုသာ ဖြစ်သည်ဟု မှတ်ပါ။
ဤမျှဖြင့် မောဟ၏ သဘောသဘာဝ ပေါ်လွင်ထင်ရှားပြီဟု ထင်ပါသည်။ အချုပ်မှာ မောဟသည် အမှန်ကို မသိသဖြင့် အမှားကိုသာ သိ၏-ဟုလည်း ဆိုနိုင်ပါသည်။ ဘာကိုမျှ မသိခြင်း-ဟုတော့ မဆိုနိုင်ပါ။ တနည်းအားဖြင့် မသိခြင်းမှန်သမျှ မောဟမဟုတ်ပါ။ မိမိမမြင်ဘူးသောသူ မရောက်ဘူးသောဒေသတို့၏ အမည်နာမစသည်ကို မသိခြင်းမျိုးသည် မောဟမဟုတ်ပါ။
အရှင်ကောဝိဒ (ယော)

Tuesday, July 6, 2010

ဓမ္မံ သရဏံ ဂစ္ဆာမိ

ရဟန်းတစ်ပါးသည် ဥပဇ္ဈာယ်ဆရာ အပ်ထားသော အ၀တ်ပိုင်းတစ်ခုကို ယူပြီး ဖိနပ်အိတ် ချုပ်ပါသည်။ `ငါယူလျှင် ငါ့ဥပဇ္ဈာယ်ဆရာ စိတ်ဆိုးလိမ့်မည် မဟုတ်´ ဟု မှတ်ထင်ထားပါသည်။
ဆရာသိသောအခါ `အဘယ်အကြောင်းကြောင့် ယူသနည်း´ ဟု မေးသည်။ `အရှင်ဘုရားတို့အား ကျွမ်းဝင်ရင်းနှီးခြင်းကြောင့် ယူပါ၏´ ဟု ဖြေလျှောက်ပါသည်။ (ကျွမ်းဝင်ရင်းနှီးသူ၏ ဥစ္စာကိုယူလျှင် ခိုးမှုမဖြစ်။)
`ငါနှင့်အတူတကွ သင်၏ အကျွမ်းဝင်ခြင်းမည်သည် အဘယ်နည်း´ဟု မေးကာ စိတ်ဆိုးဆိုးဖြင့် ထရိုက်ပါသည်။
ဤအဖြစ်အပျက်ကို အကြောင်းပြု၍ ဂါထာနှစ်ပုဒ်တို့ကို မြတ်စွာဘုရားရှင် ဟောတော်မူပါသည်။

`အကြင်ပုဂ္ဂိုလ်သည် အကြင်ပုဂ္ဂိုလ်၏ ရန်သူဖြစ်၏။ ထိုပုဂ္ဂိုလ်ကို ထိုပုဂ္ဂိုလ်က မြင်တွေ့ရသောအခါ ပြုံးရယ်မှုကို မပြု။ ရွှင်လန်းခြင်းကို မပြ။ ထိုပုဂ္ဂိုလ်၏စကားကို ကြားရသောအခါ မနှစ်သက်။ ၀မ်းမသာ။ ကောင်းသောစကားဟု မမှတ်။
`မျက်စိနှင့်မျက်စိ ထိခတ်၍ မျက်နှာချင်းဆိုင်လျက် မကြည့်။ မျက်နှာလွှဲ၏။ ထိုပုဂ္ဂိုလ်၏ ကာယကံ-ကိုယ်အမူအရာထူးသည်လည်း မတင့်တယ်။ ၀စီကံ-နှုတ်အမူအရာထူးသည်လည်း မတင့်တယ်။ ဆန့်ကျင်ဘက် အယူကို ယူ၏။
`ပညာရှိသူသည် မြင်သောအခါ၊ ကြားသောအခါ၊ အကြင်အကြောင်းတို့ဖြင့် ရန်သူကို သိနိုင်၏။ ထိုအကြောင်းတို့သည် ရန်သူ၌ တည်ရှိကုန်၏။ ထိုအကြောင်းတို့မှ ပြန်၍ယူသော် မိတ်ဆွေ၏အဖြစ်ကို သိအပ်၏´။ ဤကား ဂါထာနှစ်ပုဒ် ဘာသာပြန်အဓိပ္ပာယ် ဖြစ်ပါသည်။

မြင်ရသောခါ၊ ပြုံးရယ်ကာ၊ မျက်နှာ ရွှင်လန်း၏။
ကြားရသောခါ၊ နှစ်သက်ကာ၊ ၀မ်းသာ ကောင်းထင်ဘိ။
မျက်လုံးချင်းစပ်၊ မျက်နှာဟပ်ကာ၊ မူရာတင့်တယ်၊ အယူနယ် တူလွယ် ညီမျှ၏။
ဤသို့ပေါင်းဆုံ၊ အကြောင်းစုံက၊ မိတ္တစစ်မှန်၊ မစုံဟန်၊ ရန်သူ မှတ်လေဘိ။ ။

အထက်ပါ ဂါထာနှစ်ပုဒ် ဖြစ်ပေါ်လာစေသည့် အဆိုပါ ဆရာတပည့် နှစ်ပါးတို့သည် ရှေးအခါက ဆင်နှင့်ရသေ့တို့ ဖြစ်ခဲ့ကြဖူးပါသည်။
ဗာရာဏသီပြည် ဗြဟ္မဒတ်မင်းကြီး စိုးစံတော်မူစဉ်က ဘုရားလောင်းလျာ ပုဏ္ဏားသည် ရသေ့ပြု၍ အဘိညာဏ်၊ သမာပတ်တို့ကို ဖြစ်စေလျက် ရသေ့တို့၏ ဆရာအဖြစ်ဖြင့် ဟိမ၀န္တာတော၌ သီတင်းသုံးပါသည်။ တပည့်များစွာ ရှိပါသည်။ တပည့်ရသေ့တို့တွင် ဆရာ့စကား နားမထောင်သော တပည့်တစ်ဦးပါသည်။ ထိုတပည့်သည် အမိသေပြီးသော ဆင်ပေါက်စကလေး တစ်ကောင်ကို မွေးထားသည်။ ဆင်ပေါက်စကလေး အရွယ်ရောက်လာသောအခါ မွေးထားသူရသေ့ကို သတ်ပြီး တောထဲဝင်သွားပါသည်။
ဤအတိတ်ဝတ္ထု၌ ဆင်သည် ရသေ့၏ရန်သူ ဖြစ်သကဲ့သို့ ပစ္စုပ္ပန်ဝတ္ထု၌ ဥပဇ္ဈာယ်ဆရာသည် အတူနေတပည့်၏ ရန်သူ ဖြစ်ပါသည်။ (ဇာတကဋ္ဌကထာ၊ ၂၊ ၁၁၉-၁၂၀။)

ဤ၀တ္ထုနှစ်ခု၌ အနှစ်ချုပ်ကြည့်လျှင် `ဒေါသထွက်သူသည် ရန်သူဖြစ်နိုင်၏´ ဟူ၍ တွေ့ရပါသည်။ ဒေါသကို `ကောဓ´ ဟုခေါ်၍ ဒေါသထွက်နေသူကို `ကုဒ္ဓ´ ဟု ခေါ်ပါသည်။ ယင်းကုဒ္ဓကို `အမိတ္တ´ ဟု ခေါ်ပါသည်။ ရန်သူဟူ၏။ ထို့ကြောင့် ဒေါသရှိသူ (ပုထုဇဉ်၊ သောတာပန်၊ သကဒါဂါမ်) မှန်သမျှသည် အခါအခွင့် မသင့်တော့လျှင် ရန်သူအဖြစ် ပြောင်းသွားတတ်ပါသည်။
ဤနေရာတွင် အဓိကတင်ပြချင်သည့် အချက်မှာ မိတ်ဆွေဟု သိနိုင်ကြောင်း တရားများလည်း မဟုတ်ပါ။ ရန်သူဟု သိနိုင်ကြောင်းတရားများလည်း မဟုတ်ပါ။ ရန်သူယောင်ဆောင်သူဟု သိနိုင်ကြောင်း တရားများလည်း မဟုတ်ပါ။ မိတ်ဆွေ ယောင်ဆောင်သူဟု သိနိုင်ကြောင်း တရားများသာ ဖြစ်ပါသည်။ မိတ်ဆွေယောင်ဆောင်သည်။
ဗုဒ္ဓသာသနာတော်နှင့် ဗုဒ္ဓဘာသာဝင်တို့၏ မိတ်ဆွေယောင် ဆောင်ထားသည်။ အဘယ်သူ ဖြစ်မည်နည်း...။

စာရေးသူနှင့် ရင်းနှီးသော မိသားစုတစ်စုရှိသည်။ မိသားစုအားလုံး တရားရိပ်သာ သွားကြသည်။ တရားအားထုတ်ကြသည်။ သဒ္ဓါတရား၊ ၀ီရိယတရား ကောင်းကြပါသည်။
တစ်နေ့သောအခါတွင် ဒကာမကြီးက လျှောက်ထားလာသည်။ လွန်ခဲ့သော (၁၅) နှစ်ခန့်မှစ၍ အကြိမ်ကြိမ်နာယူခဲ့ရသော တရားနှင့်စပ်၍ သံသယပေါ်လာခြင်းကြောင့် ဖြစ်ပါသည်။ ဒကာမကြီးတို့မိသားစု တရားဝင်လေ့ရှိသည့် ရိပ်သာသုံးခုရှိကြောင်း သိရပါသည်။ နာမည်ကြီး ဘုန်းကြီးကျောင်းများ ဖြစ်ကြပါသည်။ တရားဝင်နေသူ ယောဂီများအား ညစဉ် (၈) နာရီတွင် ဆရာတော်ကြီး ကိုယ်တိုင် တရားဟောလေ့ ရှိပါသည်။
တစ်ဖန် ၀ါဆိုဦး ၀ါဆိုပွဲ၊ ကထိန်ရာသီ ကထိန်ပွဲ၊ သင်္ကြန်တွင်း သင်္ကြန်ပွဲတို့လည်း ရှိကြပါသည်။ ဤအထူးပွဲကြီး သုံးပွဲမှာမူ တမင်ဖိတ်ထားသူ အထူးဧည့်သည် (ဒကာ၊ ဒကာမ) အသစ်များပါ လာရှိတတ်ကြပါသည်။ ထို့ကြောင့် (အထူး) တရားကို ဟောလေ့ရှိပါသည်။ အသစ်တော့ မဟုတ် ဟူ၏။ ဒကာမကြီးသည်ပင် ထိုတရားကို အလွတ်နီးပါး ရနေလေပြီ ဖြစ်၏။ အဓိပ္ပာယ်အချုပ်မှာ -
`အလှူခံပုဂ္ဂိုလ်တို့တွင် ရုပ်နာမ်တရားတို့၌ ၀ိပဿနာဉာဏ်ရှိသူတို့သာ အမြတ်ဆုံးဖြစ်သည်။ ၀ိပဿနာဉာဏ်ရှိသူ ဆိုသည်ကလည်း ဤရိပ်သာထဲမှာသာ ရှိ၏။ စာသင်တိုက်တို့မှာ မရှိ´ ဆိုသည်တို့ကို ယုံလောက်အောင် ဟောပြခြင်းသာတည်း။
ဒကာမကြီးသည် ထိုတရား စတင်နာကြားရချိန်မှစ၍ စာသင်တိုက်တို့အား အလှူဝတ်တို့ကို ၁၄-နှစ်လုံးလုံး ဖြတ်တောက်ခဲ့ဖူးပြီး ဖြစ်ပါသည်။ ရိပ်သာတို့မှာသာ အသားကုန်လှူခဲ့သည်ဟု လျှောက်ထားပါသည်။ ထိုကိစ္စအတွက် သံသယ၀င်လာခြင်းကြောင့် သမီးနှင့် တူမကလေးများကို ထိုရိပ်သာသို့ ပို့ပေးခဲ့သည်။ သမီးနှင့် တူမကလေးများလည်း စိတ်စွဲသွားကြပါသည်။ ၀ိပဿနာဉာဏ် မရှိသည့် ရဟန်းတို့အား မလှူပါနှင့်ဟုပင် ဆိုလာတတ်ကြသတတ်။
သမီးနှင့် တူမကလေးများကမူ စာသင်သားသံဃာ၊ အခြားသံဃာတို့အား ယခုထိပင် မလှူနိုင်ကြသေးပေ။ ဒကာမကြီးက သမီးကလေးအား ပရိယတ္တိဝန်၊ ပဋိပတ္တိဝန်တို့အကြောင်း-သာသနာသုံးရပ်အကြောင်း စသည်တို့ကို ပြောပြပေးဖို့ စာရေးသူအား အကူအညီ တောင်းခံဘိသကဲ့သို့သော စကားမျိုးလည်း ပြောပြလျှောက်ထားပါသည်။
သို့သော် စာရေးသူက စာချဆရာ ရဟန်းမျှသာဖြစ်၍ ကလေးမ၏ `သူမြတ်´ စာရင်းမှာ မပါခြင်းကြောင့် စာရေးသူအား နှုတ်ဆက်ရုံမျှလောက်သာ ဆက်ဆံလေ့ရှိပါသည်။ အခွင့်လည်း မသာ၊ အခါလည်း မရပေ။ ဒကာမကြီးကိုယ်တိုင်ကတော့ ယခုအခါတွင် ပရိယတ္တိသာသနာ၊ ပရိယတ္တိသံဃာတို့အား အထူးဂရုပြုလျက် ပြန်လည်ထောက်ပံ့သူ ဒါယိကာမကြီး ဖြစ်လာလေပြီ။
ဒါယိကာမကြီးက သမီးကလေးအပါအ၀င် ဗုဒ္ဓဘာသာဝင် ဒကာ-ဒကာမများ၏ စိတ်ထဲ စွဲဝင်နေသည့် `၀ိပဿနာဉာဏ် ရှိသူ-လှူမှမြတ်´ဆိုသည့် အမှားဆူးကို နုတ်ပေးနိုင်မှ အန္တရာယ်ကင်းမည့်အကြောင်း လျှောက်ထားလာလေပြီ။

`ဒကာမကြီး...အလှူခံပုဂ္ဂိုလ်တွေထဲမှာ ၀ိပဿနာဉာဏ် ရှိနေသူသာ အမြတ်ဆုံးဆိုတာ အသာထားအုံး။ မှန်သလောက်တော့ မှန်ပါတယ်။ ရိပ်သာမှာနေတိုင်း ၀ိပဿနာဉာဏ် ရှိနေ၏-ရှိမနေ၏ ဆိုတာကတော့ အသိရခက်ပါတယ်။ ဒါ့ပြင် အလှူနဲ့ပတ်သက်လို့ မြတ်စွာဘုရား ဟောထားတာ ပြည့်ပြည့်စုံစုံ ရှိပါတယ်။ အလှူရှင်တွေ သိသင့်သိထိုက်တာ သိအောင် ဟောပေးဖို့ လိုပါတယ်။
၁။ သာသနာတော်ဆိုင်ရာ အသိ၊ အကျင့်ဘာမှမရှိတဲ့ တိရစ္ဆာန်လဲ လှူရမယ်။ အလှူခံပုဂ္ဂိုလ်ပဲ။
၂။ မုဆိုး တံငါလို အရိုင်းအစိုင်းလူတွေလဲ အလှူခံပဲ။
၃။ တုံးခုန် ဇယ်ခတ် စတဲ့ အကျင့်ရှိသူတွေလဲ လှူရမယ်။
၎။ သာသနာတော်နဲ့ မဆိုင်သေးဘဲ ကံ- ကံရဲ့အကျိုးကို လက်ခံပြီး၊ ဈာန်ရထားသူလဲ လှူရမယ်။ အလှူခံပါပဲ။ ဒီထက်ပိုပြီးတော့ မြတ်တဲ့အလှူခံက သောတာပန်ဖြစ်ရန် ကျင့်ကြံနေသူ၊ သာသနာဝင် အလှူခံပုထုဇဉ်တွေပါပဲ။
၅း၁။ သရဏဂုံ အစစ်အမှန်တည်သူ။ (သဒ္ဓါ-ပညာ ရှိရမယ်။)
၅း၂။ ငါးပါးသီလ တည်မြဲသူ။ (လိုက်ဆိုတတ်ရုံမျှမကဘဲ တကယ့် သီလငါးပါး တည်မြဲရမယ်။)
၅း၃။ ရှစ်ပါးသီလတည်မြဲသူ။ (သီလမယူခင်မှာ သနပ်ခါးလူးထားမှ ဆိုတာမျိုးမပါဘူး။) ဒီလိုဟာမျိုးကို ပုဗ္ဗစေတနာ သီလမဲ့သူလို့ ခေါ်တယ်။ မီးလောင်ခံ ကြက်တောင်နဲ့တူတယ်။ တွန့်လို့။
၅း၎။ ဆယ်ပါးသီလတည်မြဲသော လူပုဂ္ဂိုလ်-သီလရှင်-ကိုရင်များ။ (တကယ်တည်မြဲသူသာ ဆိုလိုတာ။ ကိုရင်လဲ သီလ ကျိုးပြတ်နေနိုင်တာပဲ။)
၅း၅။ စတုပါရိသုဒ္ဓိသီလထဲက အရေးကြီးတာတွေကိုသာ လိုက်နာနိုင်တဲ့ ရဟန်းတော်များ။
၅း၆။ စတုပါရိသုဒ္ဓိသီလ ပြည့်စုံသော ရဟန်းတော်များ။
၅း၇။ ၀ိပဿကခေါ် ၀ိပဿနာတရားကို မှတ်လိုက်...နားလိုက်...ရပ်တံ့လိုက် အားထုတ်တတ်သူ လူပုဂ္ဂိုလ်၊ ရဟန်းတော်များ။
၅း၈။ အာရဒ္ဓ၀ိပဿကခေါ် ၀ိပဿနာတရားကို ဣရိယာပုတ်လေးပါးစလုံး အားထုတ်တတ်၍ နေ့မပြတ် ညမပြတ် လမပြတ် နှစ်မပြတ် ဆက်တိုက် အားထုတ်နေတတ်တဲ့သူ။
၅း၉။ အဲဒီလိုအားထုတ်လို့ ၀ိပဿနာသိခါပတ္တလို့ခေါ်တဲ့ သင်္ခါရုပေက္ခာဉာဏ် အနုလောမဉာဏ်၊ (၀ုဋ္ဌာနဂါမိနီ ၀ိပဿနာဉာဏ်) ဂေါတြဘူဉာဏ် အခိုက်အတန့် ရောက်ရှိနေသူ ပုထုဇဉ်လူ၊ ရဟန်းများအားလဲ လှူရမယ်။ ဒါက ပုထုဇဉ်တွေ အလှူခံမြတ်ပုံပါပဲ။
၆။ သောတာပတ္တိမဂ္ဂဋ္ဌာန်ပုဂ္ဂိုလ်။ (အရိယာအဆင့်ဆင့် မြတ်ပုံတွေကတော့ သိသာပြီလေ။)
ကဲ-ဒီအတိုင်းဟောမှ ဘုရားဟောထားတဲ့အတိုင်း မှန်တာပါ။ သရဏဂုံ အစစ်အမှန်တည်သူ ကနေ စပြီးတော့ အမြတ်စား အလှူခံချည်းပါပဲ။ ဒီအတိုင်းမဟောဘဲ ကွက်ဟောမယ်ဆိုရင်တော့ လာဘ်လာဘငဲ့ဟောတဲ့ အဓိပ္ပာယ် ရောက်နေပါတယ်။ မည်သည့်ပုဂ္ဂိုလ်မဆို တစ်စုံတစ်ယောက်သော သူဟာ မူလတရားတော်တို့ကို လိုရာဆွဲပြီး ဖျက်ဟောမယ်ဆိုရင် အင်မတန်မှ အပြစ်ကြီးပါတယ်။ ဒီထက်ဆိုးတာကတော့ ပရိယတ္တိဝန်ထမ်းတွေကို မလှူချင်အောင် အားကိုးချင်စိတ်ပျောက်အောင် ဟောမိပြောမိခဲ့ရင် သာသနာကို ဖျက်ရာရောက်ပါတယ်။ ဘုရားကို စော်ကားရာ ရောက်ပါတယ်။ ကိုယ့်ဆရာကိုယ် ပြန်သတ်ရာလဲ ရောက်ပါတယ်။
ယောဂီတွေ ဒီလိုနေ ဒီလိုထိုင် ဒီလိုမှတ်-ဆိုတာတွေဟာ တကယ်တမ်းက ပရိယတ္တိကိစ္စ သက်သက်ပဲ သင်ပေးနေတာ၊ စာချပေးနေတာပါ။ ယောဂီက အဲဒီအတိုင်းကျင့်မှ ၀ိပဿနာတွေ ဖြစ်မှာပေါ့။ သူတို့ကိုယ်တိုင်လဲ ကျင့်မှ ၀ိပဿနာဉာဏ်တွေ ရှိနေကြမှာပေါ့။ ဒါကလေးတွေ သင်ပေးပြပေးရုံနဲ့ သူတို့မှာ ၀ိပဿနာဉာဏ်တွေ ရှိနေကြပြီလို့-ပြောလို့ ရသေးတာ မဟုတ်ဘူး။ ၀ိပဿနာ ရှိနေသူတွေဟာ မဂ်ဉာဏ်ကို ရှာနေသူတွေပါ။ ၀ိပဿနာဉာဏ်တွေကို စုစည်း သိမ်းဆည်းနေကြတာပါ။ အသိဉာဏ်၊ အကျင့်ဉာဏ် (အနုဗောဓဉာဏ်၊ ပဋိဝေဓဉာဏ်) တွေကိုသာ အဆင့်အားလျော်စွာ တည်ဆောက်နေကြတာပါ။ အခြား ဗဟိဒ္ဓပစ္စည်းတွေကို အရေးထားကြတာ မဟုတ်ပါဘူး။ မဂ်ဉာဏ်ကိုရှာနေသည့် အချိန်နှင့် အခြားဟာတွေကို ရှာနေသည့် အချိန်တို့ကို ယှဉ်ကြည့်လျှင်...။
တရားအသိဉာဏ်၊ တရားအကျင့်ဉာဏ်ကသာ တည်မြဲတဲ့ အားကိုးရာပဲ။ စုထားနိုင်လေလေ၊ သိမ်းထားနိုင်လေလေ၊ တန်ဖိုးကြီးလေလေ၊ ဈေးတက်လေလေ၊ အဖိုးတန်လေလေပဲ ဆိုတာကို ၀ိပဿနာဉာဏ် (တကယ်ရှိသူတိုင်း) အသေအချာ သိကြပါတယ်။
မန္တလေးမြို့၊ စိန်ပန်း၊ ရတနာပုံ၊ မဟာစည်ရိပ်သာ ဆရာတော် ဘဒ္ဒန္တပညာဝံသဆိုရင် ပင့်ချင်မှပင့်၊ မပင့်ချင်နေတော့၊ မင်္ဂလာဆောင်တောင်မှ ၀ိပဿနာစပ်ဆိုင်ရာတရားပဲ ဟောပါတယ်။ ဆရာတော်ကြီး သက်တော်ထင်ရှား ရှိပါသေးတယ်။ သွားရောက် နာယူကြည့်ကြစေချင်လိုက်တာ။
ပဋိပတ္တိဝန်ထမ်းဘ၀ စတင် တာဝန်ယူကတဲက ၀ိပဿနာအလုပ်ပဲလုပ်ဖို့ အဓိဋ္ဌာန်ချထားတဲ့အကြောင်း စာရေးသူကို ရှင်းပြဖူးပါတယ်။ ဆရာတော့်ထံမှာ ဆယ့်သုံးရက်မျှ တရားဝင်ဖူးပါတယ်။ ၀ိပဿနာနဲ့ ပတ်သက်တဲ့ ဆရာတော်ကိုယ်တိုင်ရေး မှတ်တမ်း (ပါဠိ+အဋ္ဌကထာ+ဋီကာ+ အာစရိယ၀ါဒ) များ စာအုပ်လိုက် ကျပျောက်ခဲ့ရခြင်းကြောင့် ၎င်းမှတ်စုမျိုး ရေးပေးဖို့ စာရေးသူကို တိုက်တွန်းဖူးပါတယ်။ (အကူအညီ တောင်းဖူးပါတယ်။ စာရေးသူဘက်က မစွမ်းနိုင်သေးပါ။)
`တပည့်တော်မှာ `ဆရာတော့်ကို ဖူးချင်လို့ပါ´ ဆိုတာတွေနဲ့ အချိန်ကုန်နေရတာပါ။ စာကို ကြည့်ချိန်မရဘူး။ ညပိုင်းကလေး တရားထိုင်ဖို့တောင် မနဲကြိုးစားရတယ်။ ဒါလဲ နေ့ပိုင်းက အနေအထိုင် အဆင်မပြေရင် အားထုတ်ရတာ မကောင်းဘူး။ လူက ပန်းတယ်၊ မခံနိုင်ဘူး။ `ဒါကြောင့် ဟို-သမညဖလသုတ်ထဲက ဟတ္ထကုက္ကုစ္စ၊ ပါဒကုက္ကုစ္စ (လက်ခြေမလှုပ် တည်ငြိမ်လျက်) ဆိုတာမျိုးကလေးတွေကစလို့ ၀ိပဿနာနဲ့ စပ်ဆိုင်သမျှ ပါဠိ၊ အဋ္ဌကထာ၊ ဋီကာ၊ အာစရိယ၀ါဒ စာပိုဒ်ကလေးတွေကို ကျမ်းညွှန်းနဲ့တကွ ရှာဖွေမှတ်သားပေးစမ်းပါ´ စသည်ဖြင့် မိန့်တော်မူဖူးပါတယ်။
ဒီလိုဆရာတော်မျိုးမှာတောင် ဒီလိုမျိုးဝိပဿနာဉာဏ် ဖြစ်ပေါ်ချိန် ရှားပါးလှပါဘိတယ်ဆိုတော့ ၀ိပဿနာဉာဏ်အပေါ် ပေါ့ပေါ့ကလေး သဘောထားတဲ့သူတွေ သံဝေဂဖြစ်ဖို့ ကောင်းပါတယ်။ ကိုယ့်ကိုယ်ကို ဆင်ခြင်မိဖို့ ကောင်းပါတယ်။

`၀ိပဿနာဉာဏ် ရှိနေသူသာ အမြတ်ဆုံးအလှူခံပုဂ္ဂိုလ် ဖြစ်သည်ဆိုသော အချက်နှင့်စပ်၍ ဒကာ ဒကာမများ အသိအမြင် မမှားအောင် ရေးသားပါဦးမည်´ ဟု စာရေးသူ ဆင်ခြင်မိသောအခါ `ဓမ္မံ သရဏံ ဂစ္ဆာမိ´ကို ရှေးဦးစွာ သတိရမိပါသည်။
`ဓမ္မံ၊ မဂ်လေးတန်၊ ဖိုလ်လေးတန်၊ နိဗ္ဗာန်၊ ပရိယတ်အားဖြင့် ဆယ်ပါးသော တရားတော်မြတ်ကို။ သရဏံ၊ ကိုးကွယ်ရာ၊ အားထားရာ၊ မှီခိုရာ-ဟူ၍။ ဂစ္ဆာမိ၊ ဆည်းကပ်ပါ၏။ အသိအမှတ် ပြုပါ၏´ဤသို့သာ အဋ္ဌကထာ၊ ဋီကာတို့နှင့် ဆရာတော်များက အနက်အဓိပ္ပာယ် ဖွင့်ပြကြပါသည်။
တရားဆယ်ပါးတို့တွင် မဂ်လေးပါး၊ ဖိုလ်လေးပါး၊ နိဗ္ဗာန်တစ်ပါး=ပေါင်း ကိုးပါးတို့ကို ပဋိဝေဓဟု ခေါ်ပါသည်။ ပရိယတ်ဟု ဆိုအပ်သော ပိဋကတ်သုံးပုံ ဗုဒ္ဓစကားတော်တို့ကို ပရိယတ်တရားဟု ခေါ်ပါသည်။
ဤကိုးကွယ်ရာတရား ၁၀-ပါးတို့တွင် ပဋိပတ်တရားမှာ မုချတိုက်ရိုက်အားဖြင့် ကိုယ်ထည်ထင်ထင် ပါဝင်ခြင်းမရှိချေ။ `ဓမ္မံ၊ မဂ်လေးတန်၊ ဖိုလ်လေးတန်၊ နိဗ္ဗာန်၊ (ပဋိပတ်) အားဖြင့် ဆယ်ပါးသော တရားတော်ကို´ဟု မည်သည့် အဋ္ဌကထာ၊ ဋီကာကမျှ ဖွင့်ပြထားခြင်း မရှိချေ။
`ဤသို့ ဖွင့်ပြမှု မရှိခြင်းမှာ ဒါနကျင့်စဉ် ပဋိပတ်တရားများ၊ သီလကျင့်စဉ် ပဋိပတ်တရားများ၊ သမထကျင့်စဉ် ပဋိပတ်တရားများ၊ ၀ိပဿနာကျင့်စဉ် ပဋိပတ်တရားများက ကိုးကွယ်ရာ အားထားရာ မဟုတ်ကြသောကြောင့် ဖွင့်ပြမှုမရှိခြင်းဖြစ်သည်´ဟု အဓိပ္ပာယ် မယူရချေ။
`၀ိပဿနာဉာဏ်ရှိသူသာ အမြတ်ဆုံးအလှူခံ ဖြစ်သည်´ ဟု ယူမိကြလျှင်၊ `ဒါနတရားသည် ကိုးကွယ်ရာမဟုတ်´ စသည်ဖြင့် ယူမိကြလျှင် အလွန် မှားပေလိမ့်မည်။ ဒါနပဋိပတ်တရား အစရှိသော ပဋိပတ္တိတရားများသည်လည်း ကိုးကွယ်ရာ (သရဏ) များပင် ဖြစ်ကြသည်မှာ ယုံမှားဖွယ် မရှိချေ။
သို့ပါလျက် အဋ္ဌကထာ၊ ဋီကာနှင့် ဆရာတော်တို့က ဓမ္မသရဏအရတွင် ပဋိပတ်တို့ကို ဖွင့်မပြခြင်းမှာ လုံလောက်သောအကြောင်း ရှိပါသည်။ (စာမတတ်လျှင် မသိနိုင်ပါ။)
ဤနေရာ၌ မေးခွန်းတစ်ခု မေးလိုပါသည်။ ပဋိပတ်တရားသည် အဘယ်မှ လာသနည်း.. ဟူ၍ပင် ဖြစ်ပါသည်။ အဖြေကား-ပရိယတ္တိခေါ် ပိဋကတ်သုံးပုံ ဗုဒ္ဓစကားတော်တို့မှ လာသည်။ မှန်၏။ ဗုဒ္ဓပိဋကတ်တော်နှင့်ကင်းလျှင် ၀ိပဿနာဟူ၍ပင် မရှိကောင်းချေ။ ထို့ကြောင့် သာသနာပကာလတို့၌ ပစ္စေကဗုဒ္ဓါတို့မှာသာ ၀ိပဿနာဉာဏ်၊ မဂ်ဉာဏ်တို့ ရှိနိုင်ကြသည်။ ကျန်ပုဂ္ဂိုလ်တို့၌မူ ၀ိပဿနာဉာဏ်၊ မဂ်ဉာဏ် မရှိကောင်းချေ။ (မဟာပရိနိဗ္ဗာနသုတ္တ၊ ပါဠိတော်။)
ဤသာသနာတွင်း ကာလ၌လည်း ဗုဒ္ဓစကားတော်တို့နှင့် ကင်းလျှင် ၀ိပဿနာဉာဏ်၊ မဂ်ဉာဏ် မရှိကောင်းချေ။ ရိပ်သာဆရာတော်များသည် ပိဋကတ်ခေါ် ပရိယတ်တရားများကို သင်ကြားတတ်မြောက်ပြီးသား ဖြစ်ကြရပေမည်။ ပိဋကတ်မတတ်ဘဲ ၀ိပဿနာဆရာလုပ်လျှင် မိမိကိုယ်ကို တူးဖြိုရာရောက်ပေလိမ့်မည်။ (စွန်းလွန်းဆရာတော်ကဲ့သို့သော ပါရမီထူးရှိသူ အနည်းစုကို ခြွင်းချက်ထားပါသည်။)
ထို့ကြောင့် ၀ိပဿနာ ဆရာများသည်လည်း စာသင်တိုက်မှာနေ၍ ပရိယတ္တိစာပေ သင်ကြား ရယူထားကြရပါသည်။ ၀ိပဿနာရှုမှတ်သူ ယောဂီများသည်လည်း ပိဋကတ်ခေါ် ပရိယတ်တရားများကို သင်ကြားတတ်မြောက်ပြီးသားချည်း ဖြစ်ကြရပေသည်။ သို့ရာတွင် လူပုဂ္ဂိုလ်များအဖို့ ပြည့်စုံအောင် စာသင်နေချိန် မရှိကြရှာပေ။ ပရိယတ္တိသင်ယူမှုကိစ္စကို အလုပ်ပေးတရား မှတ်သားခြင်းမျှဖြင့် ပြီးကြရရှာပါသည်။ မှန်၏။ ဤအလုပ်ပေးတရား နာယူခြင်းသည် စင်စစ်အားဖြင့် ပရိယတ္တိကို အကျဉ်းချုပ်အားဖြင့် သင်ယူခြင်း (စာသင်ခြင်း) သာ ဖြစ်ပါသည်။
ဤသို့လျှင် ပရိယတ္တိနှင့်ကင်း၍ ပဋိပတ္တိဟူသည် မရှိကောင်းသောကြောင့် `ဓမ္မံ၊ မဂ်လေးတန်၊ ဖိုလ်လေးတန်၊ နိဗ္ဗာန်၊ ပရိယတ်အားဖြင့် ဆယ်ပါးသော တရားတော်ကို´ဟုသာ ဖွင့်ပြခြင်း ဖြစ်ပါသည်။ ပရိယတ္တိကို မုချအားဖြင့် တိုက်ရိုက်ယူ၍ (ယင်းပရိယတ္တိအရဖြင့်ပင်) ပဋိပတ္တိကိုလည်း ကာရဏူပစာရတ္ထအားဖြင့် ယူရသည်ဟု ဆိုလိုပါသည်။
ထို့ကြောင့် ပဋိပတ္တိခေါ် ဒါနကျင့်စဉ်၊ သီလ ကျင့်စဉ်၊ သမထကျင့်စဉ်၊ ၀ိပဿနာကျင့်စဉ် တို့သည်လည်း ဓမ္မဖြစ်သည်-သရဏ ဖြစ်သည်ဟုသာ မှတ်ယူရပါသည်။ ဤသို့ ယူမှသာလျှင် ပရိယတ္တိသာသနာ၊ ပဋိပတ္တိသာသနာ၊ ပဋိဝေဓသာသနာ ဟူသော သာသနာသုံးရပ် ပြည့်စုံ၍ ကျမ်းဂန်ချင်း နှီးနှောမိပါသည်။ (စာမတတ်လျှင် မသိ။)
တိုက်ရိုက်အားဖြင့် မပါသောကြောင့် ဓမ္မအရ (ဓမ္မသရဏအရ)တွင် ပဋိပတ္တိတရားကို မယူရ၊ ပဋိပတ္တိတရားသည် ဓမ္မမဟုတ်ဟု ဇွတ်ဆွဲယူလျှင် အမှားကြီး မှားမည်သာတည်း။
ဥပမာမူ...၀ိပဿနာဉာဏ် ရှိသူအား လှူမှသာ အမြတ်ဆုံးဖြစ်သည်။ ၀ိပဿနာဉာဏ်ရှိသူ ဆိုတာကလဲ တို့ရိပ်သာထဲမှာသာ ရှိသည်ဟုဆိုသော အမှားမျိုးပေတည်း။

ဤမျှလောက် ရေးသားတင်ပြလျှင် ဗုဒ္ဓဘာသာဝင် စာဖတ်ပရိသတ် ဒကာ ဒကာမတို့ အတွက် ပရိယတ္တိ သာသနာ့ဝန်ထမ်း ရဟန်းစာဆိုတစ်ပါး၏ တာဝန်ကျေပွန်ပြီဟု ခံယူပါသည်။ ပရိယတ္တိကို အားမကိုးထိုက်အောင် ဟောပြောရှုတ်ချလျက် တို့ရိပ်သာက အလှူခံပုဂ္ဂိုလ်တို့က အမြတ်ဆုံးဖြစ်အောင် အသိမှားများ ဝေငှရိုက်သွင်းနေသော ဆရာမျိုးမှာ အစာပေး၍ မွေးမြူခဲ့သော ကျေးဇူးရှင်ရသေ့ကို သတ်သည့် ဆင်မိုက်နှင့်တူကြောင်း၊ (သို့မဟုတ်) သပိတ်၊ သင်္ကန်း၊ ဆွမ်း၊ ရေချမ်း ပြင်ဆင်ဆက်ကပ် လုပ်ကျွေးနေသော တပည့်ကို ရိုက်ပုတ်စော်ကားသည့် ဆရာမိုက် (ဥပဇ္ဈာယ်ဆရာ) နှင့်တူကြောင်း စပ်ဟပ် ဖော်ပြလျက် ဤစာမူကို နိဂုံးကြီး ချုပ်လိုက်ပါသည်။
«မန္တလေး၊ စိန်ပန်း၊ ရတနာပုံ၊ မဟာစည်ရိပ်သာ ဆရာတော် ဘဒ္ဒန္တပညာဝံသထေရ် ကဲ့သို့ သော မှန်ကန်ရိုးသား တရားပြသည့် ပဋိပတ္တိဝန်ထမ်း ကျေးဇူးတော်ရှင် ထေရ်ရဟန်းများသို့ ဦးညွတ်ရိုကျိုး ရှိခိုးပူဇော်ပါ၏။
ဤကုသိုလ် ဤစေတနာတို့ကြောင့် သာသနာဝင် ဒကာ ဒကာမများ အမြင်မှန် ရရှိကြပါစေသော်။ မိတ်ဆွေယောင်ဆောင်ထားသည့် သာသနာ့ရန်သူများကို ရှောင်ရှားနိုင်ကြပါစေသော်။»
မစိုးရိမ်စာသင်သား
၂၀၀၇ ခုနှစ်၊ ဇူလိုင်လ၊ ဓမ္မရံသီမဂ္ဂဇင်း
(ဤဆောင်းပါးကို မဂ္ဂဇင်းမှာ ဖော်ပြစဉ်က ကလောင်အမည်တစ်မျိုးဖြင့် ဖော်ပြခဲ့ပါသည်။ အခြားဆောင်းပါးများကိုလည်း အခြားကလောင်အမည်အသီးသီးဖြင့် ဖော်ပြခဲ့ပါသည်။ ထို့ကြောင့် အချို့ဆောင်းပါးများ၌ မစိုးရိမ်စာသင်သားသည်ပင် ဇာတ်ဆောင် (အရေးခံ) အဖြစ် ပါရှိနေကြောင်း ဖော်ပြအပ်ပါသည်။ စာ၏ ဦးတည်ချက်သည်သာအရေးကြီးပါ၏။)

Thursday, June 24, 2010

ဘုရားကို အထင်သေးသူ

`နမော တေ ပုရိသာဇညာ၊ နမော တေ ပုရိသုတ္တမ။
သဗ္ဗညူသိ မဟာဝီရ၊ လောကဇေဋ္ဌေ နရာသဘ။´
`ယောက်ျားအာဇာနည် ဖြစ်တော်မူသော မြတ်စွာဘုရားအား၊ အရှင်ဘုရားအား ရှိခိုးပါ ၏။ ယောက်ျားမြတ်ဖြစ်တော်မူသော မြတ်စွာဘုရား၊ အရှင်ဘုရားအား ရှိခိုးပါ၏၊ လုံ့လကြီး တော်မူသော၊ လောက၏ အကြီးအမှူးဖြစ်တော်မူသော၊ လူတို့ထက် မြတ်တော်မူသော မြတ်စွာဘုရား၊ အရှင်ဘုရားသည် တရားအလုံးစုံကို သိတော်မူပါပေ၏။´
စာရေးသူသည် အထက်ပါ အပါဒါန်ပါဠိတော်လာ ဂါထာကလေးကို မှတ်စုထုတ်နေခိုက် လှိုင်သာယာမှ မိတ်ဆွေဦးပဉ္ဇင်းတစ်ပါး ရောက်လာသည်။ စကားစမြည် ပြောဆိုကြရင်း မိုးပြာ ဂိုဏ်း အကြောင်း ရောက်သွားသည်။
`ဦးဇင်း၊ မိုးပြာဂိုဏ်းက စာအုပ်တစ်အုပ်ထဲမှာ မိမိရတဲ့ သဗ္ဗညုတဉာဏ်ဆိုတာ ၀ိဇ္ဇာ သုံးပါးပဲလို့ ဘုရားဟောထားတာ ရှိတယ်။ ကောသလမင်းကြီးကို သဗ္ဗညုတဉာဏ်ရတဲ့ အကြောင်း ၀န်ခံထားတာလဲ ရှိတယ်လို့ ဆိုကြတယ်တဲ့။
`တကယ်လို့ မိမိရတဲ့ သဗ္ဗညုတဉာဏ်ဆိုတာ ၀ိဇ္ဇာသုံးပါးကို ဆိုလာတာပါလို့ ဘုရား ဟောခဲ့တာမှန်ရင် သူ သဗ္ဗညုတဉာဏ် ရပါတယ်၊ အကုန်သိပါတယ်လို့ ၀န်ခံတယ်ဆိုတာ မှားရမယ်တဲ့။ တစ်ခုမှန်ရင် တစ်ခုမှားရမယ်ပေါ့ ကိုယ်တော်ရာ။
`ဘုရားဆိုတာ မကြွားဝါတတ်သူမို့လို့ မိမိရတဲ့ သဗ္ဗညုတဉာဏ်ဆိုတာ ၀ိဇ္ဇာသုံးပါးပါပဲ ဆိုတဲ့စကားသာ ဘုရားဟော အစစ်ဖြစ်သင့်ပါတယ်-တဲ့။
`နောက်ပြီး နိဗ္ဗာန်ဟာ အနတ္တဆိုလို့ရှိရင် နိဗ္ဗာန်ဟာ အနှစ်သာရ ဘာမှမရှိဘူးဆိုတဲ့ အဓိပ္ပာယ်ရောက်ပါတယ်တဲ့။ နိဗ္ဗာန်ဟာ အတ္တပါတဲ့။ ဦးဇင်း အဲဒီပြဿနာတွေ ဖြေရှင်းဖူးတယ် လို့ကြားပါတယ်။ လုပ်ပါအုံး၊ လင်းစမ်းပါအုံး´
`ကိုယ်တော်လဲ စာကြည့်နိုင်သားပဲ။ ကိုယ့်ဟာကို ပါဠိတော်ရှာဖတ်ပြီး နှိုင်းယှဉ် လေ့လာကြည့်ပေါ့´
`ဟာ ဦးဇင်းကလဲ အဲဒီလို အဖြေရှာရတဲ့အလုပ်ကို မလုပ်ချင်လို့ လာမေးတာပေါ့´
`ကိုယ်တော်တို့က အဲဒါတွေ ခွကျတာပဲ။ ကိုယ်တော့်ကို အဲဒီလိုမျိုး ဒကာ-ဒကာမ တစ်ယောက်ယောက်က မေးပါပြီတဲ့၊ ဘယ်လိုလုပ်မလဲ´
`အဲဒီအခါကျတော့ နောက်မှ စာကြည့်ပြီး ပြောပါမယ်လို့ လုပ်ရမှာပေါ့´
`ကဲကဲ-ထားလိုက်ပါတော့။ ဈေးကိုင်လိုက်တာလို့ ကိုယ်တော်မပြောခင် ရှင်းပြပါ့မယ်။ နေအုံး၊ တပည့်တော် ဆောင်းပါးရေးတုန်းက ပရင့်ထုတ်ထားတဲ့ စာရွက်တွေ ရှိတယ်။ သဘောတူရာ ဖိုင်တွဲပြီးသိမ်းထားတယ် အဲဒါဖတ်ကြည့်ရင် ရှင်းသွားလိမ့်မယ်´
`အဲဒီခေတ်က ဗုဒ္ဓကောလာဟလအရ ဘုရားဖြစ်ချင်သူတွေ အိန္ဒိယတစ်ဝိုက်မှာ ဘယ် လောက်များမယ်၊ ဘုရားရဲ့ သာဝကရင်း ဖြစ်ချင်သူတွေ ဘယ်လောက်များမယ် ဆိုတာ မှန်း ကြည့်လိုက်။ တပည့်တော်တို့ ဘုရားမပွင့်ခင် ဘုရားလိုဝန်ခံတဲ့သူ ခြောက်ယောက်ရှိနေပြီ။ သူတို့ကို ယုံကြည်လို့ ဆည်းကပ်တဲ့သူတွေ ရှိသလို၊ လေ့လာနေတဲ့သူတွေလဲ ရှိတယ်။ မဟာပု ရိသလက္ခဏာကျမ်းအရ ဘုရားတစ်ဆူရဲ့ သဘောသဘာဝတွေကိုလဲ လူတော်တော်များ များက သိနေကြလိမ့်မယ်။
`ဘုရားအမည်ခံ တိတ္တိဆရာကြီး ခြောက်ယောက်ထဲမှာ နိဂဏ္ဌနာဋပုတ္တရဲ့ ၀ါဒဟာ အခုချိန်ထိတောင် သက်တမ်းရှည်ပြီး အိမ်န္ဒိယမှာ ဂျိန်းဘာသာ-ဂျိန်းဝါဒဆိုပြီး တည်ရှိဆဲ ကိုး ကွယ်ဆဲပဲ။ မဟာဝီဒလို့လဲခေါ်တဲ့ အဲဒီ နိဂဏ္ဌနာဋပုတ္တဟာ အသက် ၃၀-မှာ တောထွက်၊ ၁၂-နှစ်တိုင်တိုင် တပအကျင့်တွေကို ကျင့်ပြီး ၄၂-နှစ်မှာ သူ့ကိုသူ ဘုရားဖြစ်ပြီလို့ ကြေညာသ တဲ့။ သူ့ရဲ့ဝါဒက ဘုရားဟောတဲ့ သဗ္ဗပုဗ္ဗေကတဟေတုဒိဋ္ဌိဝါဒပါပဲ။
`သူက သူ့ကိုသူ ဘုရားလို့ ၀န်ခံထားတဲ့အခါမှာ ကြီးကြီးကျယ်ကျယ် ကြွားပုံကို ဒီသုတ် မှာကြည့်-
`ဥဒါယီ၊ သို့ဖြစ်မူ ငါ တရားဟောရမည့် အကြောင်းကို သင် စ၍ ပြောလော့´ဟု (မိန့်တော်မူ၏)။
အရှင်ဘုရား၊ ယခင်ယခင်နေ့တို့က`အလုံးစုံကို သိ၏၊ အလုံးစုံကို မြင်၏၊ ငါသွားနေ သည်ဖြစ်စေ၊ ရပ်နေသည်ဖြစ်စေ၊ အိပ်နေသည်ဖြစ်စေ၊ နိုးကြားနေသည်ဖြစ်စေ အမြဲမပြတ် ဉာဏ်အမြင်သည် ရှေးရှုထင်၏´ ဟု အကြွင်းမဲ့ဉာဏ်အမြင်ကို ၀န်ခံသောသူရှိ၏။
`ထိုပုဂ္ဂိုလ်သည် အကျွန်ုပ်က ရှေးအဖို့ကို အကြောင်းပြု၍ ပြဿနာများကို မေးသည် ရှိသော် အကြောင်းတစ်ပါးဖြင့် အကြာင်းတစ်ပါးကို ဖုံးလွှမ်း၏၊ အပသို့ စကားကို ရောက်စေ၏၊ အမျက်ထွက်ခြင်း၊ စိတ်ဆိုးခြင်း၊ နှလုံးမသာယာခြင်းကိုလည်း ထင်စွာပြု၏။
`ထိုအကျွန်ုပ်အား မြတ်စွာဘုရားကိုသာလျှင် အကြောင်းပြု၍ `ဩော်…ဘုန်းတော် ကြီးသောမြတ်စွာဘုရား၊ ဪ... ကောင်းသောစကားကို ဆိုတော်မူတတ်သော မြတ်စွာ ဘုရား၊ မြတ်စွာဘုရားသည် ဤတရားတို့ကို ကောင်းစွာ ကျွမ်းကျင်တော်မူ၏´ ဟု အောက်မေ့ မိပါ၏။´
`ဥဒါယီ၊ (ပ) ထိုသူသည် မည်သူနည်း´
`အရှင်ဘုရား၊ နာဋ၏သား နိဂဏ္ဌပါတည်း´ဟု (လျှောက်၏)။ (မဇ္ဈိမပဏ္ဏာသ၊ စူဠသ ကုလုဒါယိသုတ်)
`အဂုင်္တ္တိုရ်၊ န၀ကနိပါတ်၊ လောကာယတိကသုတ်အရ သူမှ အဲဒီလိုဝန်ခံတာ မဟုတ် ဘူး။ ပူရဏ ကဿပလဲ အဲဒီလို ၀န်ခံတာပဲဗျ။ နိဂဏ္ဌက လည်တယ်။ ပြဿနာကို တတ်နိုင်သ လောက် ဟာကွက်မရှိအောင် ပြင်ဆင်တတ်တယ်။ သူက အကုန်သိတယ်။ အကုန် သိရုံမကဘူး အမြဲတမ်းလဲ သိနေတယ်လို့ ၀န်ခံတယ်။
ဒါပေမဲ့ တစ်ခါတလေ လူတစ်ယောက်မှ မရှိတဲ့အိမ်ကို ဆွမ်းခံမိတယ်။ အဲဒီအိမ်မှာ လူမ ရှိမှန်း အစကတဲက မသိဘူးလားလို့ မေးတဲ့အခါ လူမရှိမှန်း သိပါတယ်၊ ဒါပေမဲ့ ကံတရားက လူရှိရှိ မရှိရှိ ဒီအိမ်ကို သွားရမယ်လို့ သတ်မှတ်ပြီးသား ဖြစ်နေတယ်လို့ အကြာင်းပြတယ်။ ဒီမှာ ဖတ်ကြည့်ပါ။
`သန္ဒက၊ ဤလောက၌ အချို့သောဆရာသည် အလုံးစုံကို သိ၏၊ အလုံးစုံကိုမြင်၏။ `ငါသွားနေသည်ဖြစ်စေ၊ ရပ်နေသည်ဖြစ်စေ၊ အိပ်ပျော်နေသည်ဖြစ်စေ၊ နိုးကြားနေသည်ဖြစ်စေ အမြဲမပြတ် ဉာဏ်အမြင်သည် ရှေးရှုထင်၏´ ဟု အကြွင်းမဲ့ ဉာဏ်အမြင်ကို ၀န်ခံ၏။
ထိုဆရာသည် ဆိတ်သုဉ်းသော အိမ်သို့လည်း ၀င်၏၊ ဆွမ်းလည်းမရ ခွေးလည်း ကိုက်၏၊ ကြမ်းသောဆင်နှင့်လည်း တွေ့ဆုံ၏၊ (ပ) လမ်းခရီးကိုလည်းကောင်း မေး၏။
`ထိုဆရာသည် `ဤအမှုသည် အသို့ပါနည်း´ ဟု မေးသည်ရှိသော် ဆိတ်သုဉ်းသော အိမ်ကို ငါ ၀င်သင့်၏၊ ထို့ကြောင့် ၀င်၏။ ဆွမ်းကိုလည်း မရသင့်၊ ထို့ကြောင့် မရခဲ့။
`ခွေးသည် ကိုက်သင့်၏၊ ထို့ကြောင့် ကိုက်၏၊ ကြမ်းသောဆင်နှင့် တွေ့ဆုံသင့်၏၊ ထို့ကြောင့် တွေ့ဆုံ၏၊ ကြမ်းသော မြင်းနှင့် တွေ့ဆုံသင့်၏၊ ထို့ကြောင့် တွေ့ဆုံ၏၊ ကြမ်သောနွား နှင့် တွေ့ဆုံသင့်၏၊ ထို့ကြောင့် တွေ့ဆုံ၏။
`မိန်းမ၏လည်းကောင်း၊ ယောက်ျား၏လည်းကောင်း၊ အမည်ကိုလည်းကောင်း၊ အနွယ် ကိုလည်းကောင်း မေးသင့်၏၊ ထို့ကြောင့် မေး၏။ ရွာ၏လည်းကောင်း၊ နိဂုံး၏လည်းကောင်း၊ အမည်ကိုလည်းကောင်း၊ လမ်းခရီးကိုလည်းကောင်း မေးသင့်၏၊ ထို့ကြောင့် မေး၏´ဟု (ဖြေဆို၏)။ (မဇ္ဈိမ ပဏ္ဏာသ၊ သန္ဒကသုတ်)
`နိဂဏ္ဌရဲ့ အဖြေက မပိုင်ဘူးလား။ အဲဒီလိုအရာရာကို ရှေးကံချည်းပဲ လွှဲချတတ်တဲ့ နိဂဏ္ဌတွေကို ဘုရားက ဒီလိုမိန့်ဖူးတယ်။
`ရဟန်းတို့၊ အကယ်၍ သတ္တ၀ါတို့သည် ရှေးကံကြောင့် ချမ်းသာ ဆင်းရဲကို ခံစားရကုန် သည်ဖြစ်အံ့၊ ရဟန်းတို့ နိဂဏ္ဌတို့သည် ယခုဘ၀၌ ဤသို့သဘောရှိသော ဆင်းရဲပြင်းထန် အခံ ခက်သော ဝေဒနာတို့ကို ခံစားရကုန်သောကြာင့် မချွတ်ဧကန် ရှေးက မကောင်းမှုကံကို ပြုခဲ့သူ တို့ ဖြစ်ကုန်၏´ (မ၊ ၃၊ ဒေ၀ဒဟသုတ်)
`ဘုရားရှင်က သဗ္ဗညုတဉာဏ်ကို ၀န်ခံတယ်ဆိုတဲ့သုတ်က ဘယ်သုတ်လဲ´
`ဒဟရသုတ်လေ၊ ဒီမှာကြည့်။ မသေနဒီကောသလမင်းသည် `အရှင်ဂေါတမသည် လည်း အတုမရှိသော သဗ္ဗညုတဉာဏ်ကို ထိုးထွင်း၍သိ၏´ ဟူ၍ ၀န်ခံသလောဟု မြတ်စွာ ဘုရားအား လျှောက်၏။
`မင်းကြီး၊ `အတုမရှိသော သဗ္ဗညုတဉာဏ်ကို ထိုးထွင်း၍သိ၏´ဟူသော စကားကို ကောင်းစွာဆိုလိုသူသည် ငါ့ကိုသာလျှင် (ရည်ညွှန်း၍) ဆိုသည် ဖြစ်ရာ၏။ မင်းကြီး၊ မှန်၏။ ငါသည် အတုမရှိသော သဗ္ဗညုတဉာဏ်ကို ထိုးထွင်း၍သိ၏´ဟု (မိန့်တော်မူ၏)။ (ကောသလ သံယုတ်၊ ဒဟရသုတ်)
`ဒါပေမဲ့ ဒီနေရာမှာ သတိထားရမှာက သဗ္ဗညူ-ဆိုတာ သဗ္ဗ-အကုန်။ ညူ-သိတာ။ အကုန်သိတယ်လို့သာ ၀န်ခံတာ။ ဘုရားက အိပ်နေတဲ့အခါမှာဖြစ်စေ၊ နိုးနေတဲ့အခါမှာဖြစ်စေ ငါဘုရားအမြဲမပြတ်သိနေတယ်လို့ ၀န်မခံဘူး။ အဲဒီလို သိနိုင်တာမျိုးလဲ မရှိဘူး။ ဆင်ခြင် လိုက်ရင်တော့ အကုန်သိနိုင်တယ်၊ မသိအောင် ဘယ်အရာကမှ မတားဆီးနိုင်ဘူး။ ဒါ့ကြောင့် သဗ္ဗညုတဉာဏ်ကို အနာဝရဏဉာဏ်လို့လဲ ခေါ်တယ်။ ၀စ္ဆပရိဗိုဇ်မေးတုန်းက ဘုရားက ဒီလို ဖြေတယ်။
`အရှင်ဘုရား၊ ရဟန်းဂေါတမသည် အလုံးစုံကို မြင်၏၊ ငါသွားနေသည်ဖြစ်စေ၊ ရပ်နေ သည်ဖြစ်စေ၊ အိပ်ပျော်နေသည်ဖြစ်စေ၊ နိုးကြားနေသည်ဖြစ်စေ အမြဲမပြတ် ဉာဏ်အမြင်သည် ရှေးရှုထင်၏ဟု အကြွင်းမဲ့ ဉာဏ်အမြင်ကို ၀န်ခံ၏ ဟူ၍ ကြားဖူးပါ၏။
`အရှင်ဘုရား၊ ရဟန်းဂေါတမသည် အလုံးစုံကို သိ၏၊ (ပ) အမြဲမပြတ် ဉာဏ်အမြင် သည် ရှေးရှုထင်၏- ဟု အကြွင်းမဲ့ဉာဏ်အမြင်ကို ၀န်ခံ၏ ဟူ၍ ပြောဆိုသောသူတို့သည် မြတ်စွာဘုရား၏ စကားအရ ပြောဆိုသူများ ဖြစ်ပါကုန်၏လော´ (ပ) ဟု လျှောက်ထား၏။
`၀စ္ဆ၊ ရဟန်းဂေါတမသည် အလုံးစုံကို သိ၏၊ (ပ) အမြဲမပြတ် ဉာဏ်အမြင်သည် ရှေးရှု ထင်၏ဟု အကြွင်းမဲ့ ဉာဏ်အမြင်ကို ၀န်ခံ၏ ဟူ၍ ပြောဆိုသူတို့သည် ငါ၏ စကားအရ ပြောဆိုသူတို့ မဟုတ်ကုန်၊(ပ)´ဟု (မိန့်တော်မူ၏)။
`အရှင်ဘုရား၊ ထိုသို့မဟုတ်မူ အဘယ်သို့ပြောဆိုသော အကျွန်ုပ်တို့သည် မြတ်စွာ ဘုရား၏ စကားအရ ပြောဆိုသူများ ဖြစ်ပါကုန်သနည်း၊ (ပ)´ဟု(လျှောက်၏)။
`၀စ္ဆ၊ ရဟန်းဂေါတမသည် ၀ိဇ္ဇာသုံးပါးရှိ၏ဟု ပြောဆိုသော သူသည် အမှန်အားဖြင့် ငါ၏ စကားအရ ပြောဆိုခြင်း ဖြစ်ရာ၏၊ ငါ့ကို မမှန်သောစကားဖြင့်လည်း မစွပ်စွဲရာ´ (မ၊ မြန်၊ ၂၊ တေ၀ိဇ္ဇ၀စ္ဆသုတ်)
တေ၀ိဇ္ဇသုတ်မှာ ဘုရားက အဲဒီလို အကုန်သိ-အမြဲသိ ဆိုတာကို ပယ်လိုက်တော့ လူထုထဲမှာ ပြောစရာစကားတစ်မျိုး ပျံ့နှံ့နေမှာပေါ့။ အဲဒီအကြောင်းကို ကောသလမင်းကြီးက ဘုရားကို လျှောက်ထားပုံကြည့်-
ထိုအခါ ကောသလမင်းကြီးသည် မြတ်စွာဘုရားအား`အရှင်ဘုရား၊ `တရားအလုံးစုံကို သိသော၊ တရားအလုံးစုံကို မြင်သော၊ အကြွင်းမဲ့ဉာဏ်ပညာရှိ၏ဟု ၀န်ခံနိုင်သော သမဏသည်သော်လည်းကောင်း၊ ဗြဟ္မဏသည်သော်လည်းကောင်း မရှိနိုင်၊ ဤသို့ ၀န်ခံနိုင်သော အကြာင်းမျိုးသည် မရှိနိုင်´ ဟု ရဟန်းဂေါတမဆို၏ ဟူ၍ အကျွန်ုပ် ကြားရပါ၏။
`အရှင်ဘုရား တရားအလုံးစုံကိုသိသော၊ တရားအလုံးစုံကိုမြင်သာ အကြွင်းမဲ့ဉာဏ် အမြင်ရှိ၏ဟု ၀န်ခံနိုင်သော သမဏသည်သော်လည်းကောင်း၊ ဗြဟ္မဏသည်သော် လည်းကောင်း မရှိနိုင်၊ ဤသို့ (၀န်ခံနိုင်) သော အကြာင်းမျိုးသည် မရှိနိုင်´ဟု ရဟန်းဂေါတမသည် ဆို၏ဟု ပြောဆိုကြသော သူတို့သည် မြတ်စွာဘုရား၏ စကားအတိုင်း ပြောဆိုကြပါကုန်သလော၊ (ပ)´ ဟု လျှောက်၏။
`မင်းကြီး၊ တရား,အလုံးစုံကို သိသော၊ တရားအလုံးစုံကို မြင်သော အကြွင်းမဲ့ ဉာဏ်အမြင်ရှိ၏ဟု ၀န်ခံနိုင်သော သမဏသည်သောလည်းကောင်း၊ ဗြဟ္မဏသည်သော် လည်းကောင်း မရှိ၊ ဤသို့ ၀န်ခံနိုင်သော အကြာင်းမျိုးသည် မရှိနိုင်ဟု ရဟန်းဂေါတမဆို၏´ ဟု ပြောဆိုကြသော သူတို့သည် ငါ့စကားအတိုင်း ပြောဆိုကြသည်မဟုတ်ကုန်၊ ထိုသူတို့ သည် မဟုတ်မမှန်သော အကြာင်းအရာဖြင့်လည်း ငါ့ကိုစွပ်စွဲကြကုန်၏´ဟု (မိန့်တော်မူ၏)။
ထိုအခါ ပသေနဒီကောသလမင်းကြီးသည် ၀ိဋဋူဘစ်စစ်သူကြီးကို ခေါ်၍ `စစ်သူကြီး၊ အဘယ်သူသည် ဤစကားကို နန်းတော်အတွင်း၌ ပြောကြားလာပါသနည်း´ဟု မေးမြန်း၏။
`မင်းကြီး၊ အကာသအနွယ်ဖြစ်သော သဉ္ဇယပုဏ္ဏားသည် ပြောကြားပါ၏´ဟု (လျှောက်၏)။
ထိုအခါ ပသေနဒီကောသလမင်းကြီးသည် တစ်ယောက်သော မင်းချင်းကို ခေါ်၍ `အမောင်ယောက်ျား၊ အသင်လာခဲ့လော့။ ငါ၏စကားဖြင့် အကာသအနွယ် ဖြစ်သော သဉ္ဇယ ပုဏ္ဏားကို `အရှင်၊ သင့်ကို ပသေနဒီကောသလမင်းကြီးသည် ခေါ်၏´ ဟု ဆို၍ ခေါ်ချေလော့´ ဟု မိန့်၏။
`အရှင်မင်းမြတ်၊ ကောင်းပါပြီ´ ဟူ၍ သာလျှင် ထိုမင်းချင်းသည် ပသေနဒီကောသလ မင်းကြီးအား ပြန်ကြားလျှောက်ထား၍ အာကာသအနွယ်ဖြစ်သော သဉ္ဇယပုဏ္ဏားရှိရာသို့ ချဉ်းကပ်ကာ `အရှင်၊ သင့်အား ပသေနဒီကောသလမင်းကြီး ခေါ်၏´ ဟု ပြောကြားလေ၏။
ထိုအခါ ပသေနဒီကောသလမင်းကြီးသည် မြတ်စွာဘုရားအား `အရှင်ဘုရား၊ မြတ်စွာ ဘုရားသည် တစ်စုံတစ်ခုကို ရည်ညွှန်း၍ ဟောတော်မူသောစကားသည် ရှိတန်ရာ၏၊ ထိုစကား ကိုပင် လူအများက တစ်မျိုးတစ်မည်အားဖြင့် သိမှတ်နေရာပါ၏။ အရင်ဘုရား၊ ထိုကဲ့သို့သော စကားမျိုးကို မြတ်စွာဘုရား ဆိုဖူး၏ဟု မှတ်မိပါသလော´ ဟု လျှောက်၏။
`မင်းကြီး၊ တစ်ကြိမ်တဲဖြင့်သာလျှင် အလုံးစံကို သိနိုင်သော အလုံးစုံကို မြင်နိုင်သော သမဏသည်သော်လည်းကောင်း၊ ဗြဟ္မဏသည်သော်လည်းကောင်း မရှိ။ ဤသို့ (သိနိုင် မြင်နိုင်) သော အကြောင်းမျိုးသည် မရှိနိုင်၊ ဤသို့ စကားပြောဖူးသည်ကို ငါမှတ်မိ၏´ ဟု (မိန့်တော်မူ၏)။
`အရှင်ဘုရား၊ တစ်ကြိမ်တဲဖြင့်သာလျှင် အလုံးစုံကို သိနိုင်သော အလုံးစုံကို မြင်နိုင် သော သမဏသည်သော်လည်းကောင်း၊ ဗြဟ္မဏသည်သော်လည်းကောင်း မရှိ၊ ဤသို့ သိနိုင်-မြင်နိုင်သော အကြာင်းမျိုးသည် အကြာင်းမှန် သဘောကို မိန့်ဆိုတော်မူပေ၏။ အရှင်ဘုရား၊ မြတ်စွာဘုရားသည် အကြောင်းခိုင်လုံသော သဘောကို မိန့်ဆိုတော်မူပေ၏´။ (မ၊ မြန်၊ ၂၊ ကဏ္ဏတတ္ထလသုတ်)
`ကဲ-ဒီသုတ်အရ မြတ်စွာဘုရားက အကုန်သိတယ်ဆိုတာကို မပယ်ဘူး။ တစ်ကြိမ်ထဲ နဲ့အကုန်သိတာ၊ အမြဲသိနေတာကိုသာ ပယ်တယ်ဆိုတာ ထင်ရှားသွားပြီပေါ့။ ကထာဝတ္ထု ကျမ်းက အမေးအဖြေကလေး ဆက်ကြည့်ပါအုံး´
သက၀ါဒီ။ ။ မြတ်စွာဘုရား၏ အားအစွမ်းသည် တပည့် `သာဝက´ တို့နှင့် ဆက်ဆံ ပါသလော။
ပရ၀ါဒီ။ ။ ဪ... ဆက်ဆံပါ၏။
သက၀ါဒီ။ ။ မြတ်စွာဘုရားသည် မာရ်ငါးပါးတို့ကို အောင်မြင်ပါသလော လူနတ်တို့ကို ဆုံးမတတ်ပါသလော မဖောက်မပြန် ကိုယ်တိုင် (သိဖွယ်တရားတို့ကို) သိပါသလော၊ အလုံးစံကို မြင်ပါသလော၊ တရားကြောင့် (လူနတ်တို့၏) အရှင်သခင် ဖြစ်ပါသလော၊ တရားကြောင့် (လူနတ်တို့၏) ကိုကွယ်ရာ ဖြစ်ပါသလော။
ပရ၀ါဒီ။ ။ ဪ... ဟုတ်ပါ၏။
သက၀ါဒီ။ ။ တပည့် `သာဝက´ သည်လည်း မာရ်ငါးပါးတို့ကို အောင်မြင်ပါသလော၊ လူနတ်တို့ကို ဆုံးမတတ်ပါသလော၊ မဖောက်မပြန် ကိုယ်တိုင် (သိဖွယ်တရားတို့ကို) သိပါသ လော၊ အလုံးစုံကို သိပါသလော၊ အလုံးစုံကို မြင်ပါသလော၊ တရားကြောင့် (လူနတ်တို့၏) အရှင်သခင် ဖြစ်ပါသလော၊ တရားကြောင့် (လူနတ်တို့၏) ကိုးကွယ်ရာ ဖြစ်ပါသလော။
ပရ၀ါဒီ။ ။ ဤသို့ကား မဆိုသင့်ပါ။ ပ။ (ကထာဝတ္ထုပါဠိတော်၊ ဗလကထာ)
`သဗ္ဗညုတဉာဏ်အကြောင်းတော့ ရှင်းသွားပါပြီ။ နိဗ္ဗာန်ရဲ့ အနတ္တဖြစ်ပုံကလေး ဆက်ရှင်းပြပါအုံး။ ကိုယ်တော့်ရဲ့ မြတ်ပန်းရဂုံမှာပါတဲ့ ဆောင်းပါးထဲကအတိုင်း `သဗ္ဗေ သင်္ခါရာ အနိစ္စာ၊ သဗ္ဗေ သင်္ခါရာ ဒုက္ခာ-သင်္ခါရတရားအားလုံးဟာ အနိစ္စ ဒုက္ခ´လို့ ဟောထားပြီး အနတ္တဖြစ်တဲ့ တရားကျမှ သဗ္ဗေ သင်္ခါရာလို့ မဟောဘဲ `သဗ္ဗေ ဓမ္မာ အနတ္တာ´လို့ ဟောတော် မူတဲ့အတွက် သင်္ခါရတရားအားလုံးသာ အနတ္တဖြစ်တာ မဟုတ်သေးဘူး။ အသင်္ခတဖြစ်တဲ့ နိဗ္ဗာန်လဲ အနတ္တဖြစ်တယ်။ အနတ္တမည်တယ်။
`နောက်ပြီး ပရိဝါပါဠိတော်မှာ လာတဲ့`နိဗ္ဗာနဉ္စေစ ပညတ္တိ၊ အနတ္တာဣတိ နိစ္ဆယာ´ ဆိုတဲ့ ပါဠိအရ နိဗ္ဗာန်ရဲ့ ပညတ်ကို အနတ္တလို့ ဆုံးဖြတ်ရမယ် ဆိုတာတွေ တပည့်တော် ဖတ်ပြီးပါပြီ။ ဒါပေမဲ့ ရှင်မိုးပြာ ပြောသလို နိဗ္ဗာန်ဟာ အနတ္တဆိုတော့ နိဗ္ဗာန်သည် အနှစ်သာရ မရှိဆိုတဲ့ အဓိပ္ပာယ် ရောက်မသွားဘူးလား´
ကိုယ်တော့်လို လူတွေကြောင့် မိစ္ဆာဒိဋ္ဌိသမားတွေ ခေါင်းထောင်နေသာ။ ကိုယ်ကြားဖူး နေကျ အနက်ကလေးနဲ့ အပေါ်ယံ အဓိပ္ပာယ်ကလေး ကြည့်ပြီး ပြောလို့မရဘူးလေ။ ကိုယ်တော်ဟာ တပည့်တော်ကြားဖူးတဲ့ ပုံပြင်လေးထဲက ကျေင်းဒကာမကြီးလို ဖြစ်နေပြီ။
`တောရွာတစ်ရွာမှာ ကျောင်းဒကာမကြီး တစ်ယောက်က ဥပုသ်နေ့ဆိုရင် ကျောင်းလာ ဥပုသ်စောင့်လို့ ပုတီးစိပ်တဲ့အခါ အနိစ္စ- ဒုက္ခ- အနတ္တဆိုတာကို အကျယ်ကြီး ဆိုဆိုပြီး စိပ်တာ တဲ့။ တစ်နေ့တော့ ကျောင်းကဆရာတော်က `ဒကာမကြီး၊ ပုတီးစိပ်တဲ့အခါမှာ အနက်အ ဓိပ္ပာယ်ကိုပါ ထည့်ဆိုပြီး စိပ်ရတယ်´ ဆိုတော့ `အနိစ္စ၊ အမြဲမရှိ။ ဒုက္ခ၊ ဆင်းရဲ၏။ အနတ္တ၊ ကိုယ့်ကိုယ်ကိုမပိုင် ကျောင်းဒကာကြီးသာ ပိုင်သည်´လို့ စိပ်သတဲ့။ ဘယ့်နှယ့်လဲ အဲဒီကျောင်း ဒကာမကြီးရဲ့ အနတ္တ အနက်ပေးပုံ ကြိုက်ရဲ့လား´
`ဒီိလိုဆိုရင် `သဗ္ဗေ ဓမ္မာ အနတ္တာ´ မှာ `အနတ္တာ´ ကို ဘယ်လို အနက်ပေးရမှာလဲ´
`အနတ္တဆိုတာ `န´ နဲ့ `အတ္တ´ ပေါင်းထားတာလေ။ ကိုယ်တော် အကြီးတန်းတုန်းက ကျက်ခဲ့တဲ့ အဘိဓာန်မှာ `အတ္တ´ရဲ့ အနက်ကို ဘယ်နှချက်ပြလဲ´
`မမှတ်မိတော့ဘူး။ ကိုယ်တို့ စိတ်တို့ကို ဟောတယ်ထင်တယ်´
`စိတ္တေ ကာယေ သဘာဝေ စ၊ သော အတ္တာ ပရမတ္တနိ-လေ။ သဒ္ဒါဟာ (၁) စိတ် (၂)ကိုယ် (၃) သဘောတရား၊ (၄) တိတ္ထိတို့သည် ကြံဆအပ်သော ပရမအတ္တ-လို့ အနက်လေး မျိုးကို ဟောနိုင်တယ်။ အဓိပ္ပာယ်လေးမျိုး ထွက်တယ်ပေါ့။
`ဥပမာ-အတ္တသမ္မာပဏိဓိမှာ အတ္တသဒ္ဒါက စိတ်ကိုဟောတယ်။ အတ္တသမ္မာပဏိဓိ- စိတ်ကိုကောင်းစွာ ထားခြင်းလို့ အနက်ပေးရမှာပေါ့။
`တပည့်တော်တို့ ကျက်ခဲ့ရတဲ့ ဘိက္ခုနီပါတိမောက်မှာ - ယာ ပန ဘိက္ခုနီ အတ္တာနံ ၀ဓိတွာ ၀ဓိတွာ ရောဒေယျ၊ ပါစိတ္တိယံ။ ယာ ပန ဘိက္ခုနီ အကြင်ရဟန်းမသည်၊ အတ္တာနံ ကိုယ်တိုင်။ ၀ဓိတွာ ၀ဓိတွာ၊ ထု၍ ထု၍။ ရောဒေယျ၊ ငိုငြားအံ့။ ပါစိတ္တိယံ၊ ပါစိတ်အာပတ်သင့် ၏-ဆိုတဲ့ သိက္ခာပုဒ်မှာ အတ္တသဒ္ဒါက ကိုယ်ကို ဟောတယ်။
`နောက် `အတ္တဒီပါ ဘိက္ခဝေ ၀ိဟရထ ဘိက္ခဝေ၊ ရဟန်းတို့၊ အတ္တဒီပါ၊ လောကီ လောကုတ္တရာ နှစ်ဖြာသော် ကုသိုလ်တရားတည်းဟူသော မှီခိုရာကျွန်း ရှိကုန်သည်ဖြစ်၍။ ၀ိဟာရထ၊ နေကြကုန်လော့။´ လဲဒီလို ပါဠိတွေမှာ အတ္တသဒ္ဒါက သဘောတရားဆိုတဲ့ အနက်ကို ဟောတယ်။
`ဒါပေမဲ့ နိဿယတို့ ၊ မြန်မာပြန်တို့ ကြ့ည့်ရင်တော့ ပေးရိုးပေးစဉ်အတိုင်း အတ္တ-ဆိုရင် မိမိ၊ မိမိကိုယ် ဒီလိုတွေပဲ တွေ့ရမယ်။ သို့သော်လဲ မိမိအရ တစ်ခါတစ်ရံ စိတ်ကို၊ တစ်ခါတစ်ရံ ကိုယ်ကို ကောက်ရမယ်ဆိုတာ အဋ္ဌကထာ၊ ဋီကာတွေ ကြည့်ကြည့်ပေါ့ ကိုယ်တော်ရာ။
`နောင်ဆုံးအရေးကြီးတဲ့အတ္တ-သဒ္ဒါရဲ့အနက်က တိတ္တိတွေ တွေးခေါ်ကြံဆချက်က ဥပမာ မျက်စိက အဆင်းကို မြင်တဲ့နေရာမှာ မျက်စိကလဲရုပ်၊ အဆင်းကိုလဲ ရုပ်၊ ရုပ်ရုပ်ချင်း မမြင်နိုင်ဘူး။ ကိုယ်ထဲမှာ မြင်နိုင်စွမ်းတဲ့ အရာတစ်ခု ရှိရမယ်။ အဲဒီ မြင်တဲ့အရာကို ကောင်း-မကောင်း ခံစားတာလဲ သူပဲဖြစ်ရမယ်-စသည်ဖြင့် အမျိုးမျိုး ကြံစည်ကြတာပေါ့ ကိုယ်တော်ရာ။
`နောက် ဘယ်လို ကြံစည်ကြသလဲဆိုတော့ လူတိုင်းလူတိုင်းမှာ အတ္တကလေးတွေ ကိုယ်စီရှိကြတယ်။ ကောင်းကင်ဘုံမှာ အဲဒီအတ္တကလေးတွေရဲ့ ပင်မ ဖြူစင်တဲ့ ပရမအတ္တကြီး ရှိရမယ်။ သတ္တ၀ါကိုယ်စီမှာ ရှိကြတဲ့ အတ္တကလေးတွေဟာ မဖြူစင်သေးသမျှ သံသရာမှာ ကြင်လယ်ကြရမယ်။ ဖြူစင်တဲ့ တစ်နေ့မှာ ကောင်းကင်ဘုံက ပရမအတ္တကြီးနဲ့ ပူးပေါင်းခွင့်ရပြီ ထာဝရချမ်းသာကို ခံစားရမယ် စသည်ဖြင့်ပေါ့။
`တပည့်တော်တို့ ထေရ၀ါဒစာပေက ပြောတဲ့နိဗ္ဗာန်ဟာ အနတ္တဆိုတဲ့ နေရာမှာ အဲဒီအတ္တကို အဓိက ပယ်ချင်တာ။ ကျန်တဲ့ ကိုယ်-စိတ်စတဲ့ အတ္တရဲ့အနက်တွေက သံသယ ဖြစ်စရာ သိပ်မရှိဘူး။ ဗုဒ္ဓဘာသာမှတစ်ပါး ကျန်တဲ့ အခြားခြားသော ဘာသာကြီးတွေရဲ့ နိဗ္ဗာန် မှာက မပျက်စီးနိုင်တော့တဲ့ အသက်- လိပ်ပြာ- ၀ိညာဉ်- အတ္တဆိုတဲ့ ထာဝရနာမ်ဓာတ်ရှိတယ်။ ဗုဒ္ဓဘာသာမှာတောင် မဟာယာနတို့ ဇင်တို့ရဲ့ နိဗ္ဗာန်က ထာဝရပျော်စံရာ ဌာနပဲ။ အတ္တနှင့် မကင်းဘူး။
`အသာရကဋ္ဌေန အနတ္တာ-အရ အနှစ်မရှိသောကြောင့် အနတ္တ-ဆိုတဲ့နေရာမှာလဲ အဲဒီ အတ္တဆိုတဲ့ အနှစ်မရှိတာကို ပြောတာ။ နိစ္စသာရ-နိစ္စ အနှစ်၊ သုခသာရ-သုခအနှစ်တွေ ကတော့ ရှိတယ်ပေါ့´
`ရှင်းပါပြီ၊ ရှင်းပါပြီ။ သာဓုပါဘုရား´
အရှင်ကောဝိဒ (ယော)

Tuesday, June 22, 2010

ဒိဋ္ဌဓမ္မဝေဒနီယကံ

မြတ်စွာဘုရား၏ အဘိဓမ္မာတရားတော်တွင် ဒိဋ္ဌဓမ္မဝေဒနိယကံခေါ် မျက်မှောက်ဘ၀တွင် ပြုလုပ်ပြီ ဤဘ၀တွင်ပင် အကျိုးပေးသောကံသည် ပထမဇော စေတနာ၏ အကျိုးပေးဖြစ်သောကြောင့် အားနည်းသည်ဟု မှတ်သားနာယူရပါသည်။ ဘုရားရှင်လက်ထက် က မဟာဒုက်စသူတို့ အကျိုးပေးကောင်းရခြင်းမှာ အလှူခံပုဂ္ဂိုလ်တို့၏ မြင့်မြတ်ခြင်းစသော အထောက်အပံ့တို့ကြောင့် ဖြစ်သည်ဟု သိရပါသည်။
ယနေ့ လူငယ်အများစုသည် ချက်ချင်းအကျိုးပေးသောကံကို စိတ်ဝင်စားကြပါ၏။ ထို့ကြောင့် ယခုဘ၀တွင် အကျိုးပေးခွင့်ရကြသော ကံများအနက် ဒိဋ္ဌကမ္မကံမြောက်စေသော အမှုမျိုးကို မည်သို့ ကျင့်ကြံအားထုတ်သင့်ကြောင်း နားလည်သဘောပေါက်လိုကြပါသည်။ ထိုလူငယ်များတွင် ကျွန်တော်တို့လည်း ပါဝင်ကြပါသည်ခင်ဗျား။ အဖြေများကို စောင့်မျှော်နေကြပါသည်။
မောင်ငယ်နှင့် သူငယ်ချင်းများ

`တတ္ထ ဧကဇ၀န၀ီထိယံ သတ္တသု စိတ္တေသု ကုသလာဝါ အကုသလာဝါ ပထမဇ၀နစေတနာ ဒိဋ္ဌဓမ္မဝေဒနီယကမ္မံ နာမ။ တံ ဤမသ္မိံယေ၀ အတ္တဘာဝေ ၀ိပါကံ ဒေတိ၊ ကာက၀ဠိယ-ပုဏ္ဏသေဋ္ဌီနံ ၀ိယ ကုသလံ၊ နန္ဒယက္ခ-နန္ဒမာဏ၀က-နန္ဒဂေါဃာတက-ကောကာလိယ-သုပ္ပဗုဒ္ဓ-ဒေ၀ဒတ္တ-စိဉ္စမာဏ၀ိကာနံ ၀ိယ စ အကုသလံ။ တထာ အသက္ကောန္တံ ပန အဟောသိ ကမ္မံ နာမ ဟောတိ၊ အ၀ိပါကံ သမ္ပဇ္ဇတိ။ (အံ၊ဋ္ဌ၊၂။ ၁၀၄)
`ထိုတွင် တစ်ခုသောဇောဝီထိ၌ ခုနစ်ကြိမ်သော ဇောစိတ်တို့တွင် ကုသိုလ်ဖြစ်စေ၊ အကုသိုလ်ဖြစ်စေ ရှေးဦးစွာဖြစ်သောဇောစေတနာသည် ဒိဋ္ဌဓမ္မဝေဒနီယကံမည်၏။ ထိုကံသည် ဤမျက်မှောက်အတ္တဘော၌သာလျှင် အကျိုးကို ပေး၏။ ကုသိုလ်အရာ၌ ကာက၀ဠိယသူဋ္ဌေး ပုဏ္ဏသူဋ္ဌေးတို့ကဲ့သို့၊ အကုသိုလ်အရာ၌ (၁)နန္ဒဘီလူး၊ (၂)နန္ဒလုလင်၊ (၃)နန္ဒနွားသတ်သမား၊ (၄)ကောကာလိယ၊ (၅)သုပ္ပဗုဒ္ဓ၊ (၆)ဒေ၀ဒတ်၊ (၇)စိဉ္စမာဏ၀ိကာ-တို့ကဲ့သို့တည်း။ ထိုကဲ့သို့ အကျိုးပေးခြင်းငှါ မစွမ်းနိုင်သော် အဟောသိကံ-မည်၏။ အကျိုးမပေးတော့။´
သင်္ဂြီုဟ်ဘာသာဋီကာမှ ထုတ်နှုတ်ပြဆိုပါဦးမည်။
အကျိုးပေး အရင်ကျပုံ။ ။`ဤဒိဋ္ဌဓမ္မဝေဒနီယအမည်ရသော ပထမဇောစေတနာသည် ဇောခုနစ်ကြိမ်တွင် အစဆုံးဖြစ်ရသည့်အတွက် မိမိရှေ့က အာသေ၀နသတ္တိဖြင့် ထောက်ပံ့ကူညီချက်ကို မရသောကြောင့် နောက်ဒုတိယ တတိယစသော ဇောစေတနာများလောက် အားမကောင်းချေ၊ အားမကောင်းသည့်အတွက်ကြောင့်ပင် အခြားဇောများကဲ့သို့ ပဋိသန္ဓေကျိုးကို ရွက်ဆောင်၍ ဘ၀တစ်မျိုးဖြစ်အောင် မထူထောင်နိုင်ဘဲ ယခုဘ၀၌ အဟိတ် ကုသလ၀ိပါက်၊ အကုသလ၀ိပါက်များနှင့် ကမ္မဇရုပ်တရား၊ ကံလျှင်အရင်းခံရှိသော ဥတုဇရုပ်တရားဟူသော အဟိတ်အကျိုးများကိုသာ ဖြစ်ထွန်းစေနိုင်သည်။
ဒိဋ္ဌဓမ္မကျိုး မကြီးကျယ်။ ။ယခုကာလ၌ ချက်ခြင်း သူဋ္ဌေးဖြစ်သွားမှု၊ ချက်ခြင်းမြေမျိုမှု၊ လျှာပြတ်မှုများကို အင်မတန်ကြီးကျယ်သော အကျိုးအပြစ်များဟု မှတ်ထင်ကြ၏။ ချက်ခြင်းသူဋ္ဌေးဖြစ်မှုနှင့် ပဋိသန္ဓေသစ် ထူထောင်၍ နတ်ပြည်၌ ဖြစ်ရမှု နှစ်မျိုးကို စဉ်းစားကြည့်လျှင် အလွန်ကွာခြားကြောင်း ထင်ရှား၏။ ချက်ခြင်းသူဋ္ဌေးဖြစ်မှုသည် ဒိဋ္ဌဓမ္မအကျိုးတည်း၊ ပဋိသန္ဓေသစ်ကို ထူထောင်၍ နတ်ပြည်၌ ဖြစ်ရမှုကား ဥပပဇ္ဇဝေဒနီယ အပရာပရိယဝေဒနီယ တစ်မျိုးမျိုး၏ အကျိုးတည်း၊ ဤသို့လျှင် ဒိဋ္ဌဓမ္မဝေဒနီယကံသည် ဥပပဇ္ဇဝေဒနီယ စသည်ကဲ့သို့ သဟိတ်ပဋိသန္ဓေကျိုးကို မပေးနိုင်ဘဲ (နောက်တစ်ဆင့် မျိုးစေ့ရဖို့ အသီးမသီးဘဲ၊ အပွင့်မျှသာ ပွင့်သကဲ့သို့ ) အဟိတ်ဝိပါက်ဖြစ်သော ပ၀တ္တိကျိုးမျှကိုသာ ပေးနိုင်သည်။ ဤအဓိပ္ပါယ်ကို ရည်ရွယ်၍ ဋီကာတို့၌ `သာ-ထိုဒိဋ္ဌဓမ္မဝေဒနီယကံသည်၊ ဣဓေ၀-ဤပစ္စုပ္ပန်ဘ၀၌သာလျှင်၊ ပုပ္ဖမတ္တံဝိယ- အပွင့်မျှကိုကဲ့သို့၊ ပ၀တ္တိဝိပါကမတ္တံ- ပ၀တ္တိကျိုးမျှဖြစ်သော၊ အဟေတုကဖလံ- အဟိတ်အကျိုးကို၊ ဒေတိ-ပေး၏´ ဟု မိန့်ဆိုကြသည်။
အကူအညီရမှ ဒိဋ္ဌဓမ္မအကျိုးပေး။ ။ ဤပထမစေတနာသည် ထိုမျှလောက်သော ပ၀တ္တိအကျိုးကလေးကိုပင် အကြောင်းအထောက်အပံ့များစွာ စုံမှပေးနိုင်သည်ဟု ဖွင့်ကြ၏။ ချဲ့ဦးအံ့- ဤပထမဇောစေတနာသည် အာသေ၀နပစ္စည်းကို (ရှေးရှေးဇောမှ ကျေးဇူးပြုမှုကို) မခံရသည့်အတွက် အလွန်အားသေးရကား `ပဋိပက္ခေဟိ အနဘိဘူတတာယ- ဆန့်ကျင်ဘက်တို့ မလွှမ်းမိုးပါမှ (ကုသိုလ်ဖြစ်လျှင် ဆန့်ကျင်ဘက် အကုသိုလ်တို့က မလွှမ်းမိုး မနှိပ်စက် မနှောင့်ယှက်ပါမှ) ဒိဋ္ဌဓမ္မကျိုးကို ပေးနိုင်သည်။ ပစ္စယ၀ိသေသေန - အကြောင်း အထောက်အပံ့ အထူးအားဖြင့်၊ ပဋိလဒ္ဓ၀ိသေသတာယ - ရအပ်သော အကြောင်းထူးလည်း ရှိပါမှ (ဂတိ-ကာလ-ဥပဓိ-ပယောဂ-ဟူသော လေးချက်က ကုသိုလ်အရာ၌ သမ္ပတ္တိဖြစ်၍၊ အကုသိုလ်အရာ၌ ၀ိပတ္တိဖြစ်ပါမှ) အထိုက်အလျောက် အားရှိသည်။ တာဒိသဿ- ထိုပထမဇော အားရှိလောက်သော သဘောရှိသော၊ ပုဗ္ဗာဘိသင်္ခါရဿ- ပုဗ္ဗာဘိသင်္ခါရ၏၊ (ဆန္ဒရှိလျှင် ဒီအမှုမျိုး ဘာကြောင့်မဖြစ်နိုင်ဘဲ ရှိအံ့နည်း-ဟု ဤသို့ နောက်နောက်စိတ် ထက်သန်အောင် ရှေးအဖို့က ပြုပြင်မှု၏)၊ ၀သေန - အစွမ်းသတ္တိကြောင့်၊ သာတိသယာ- လွန်ကဲသော သတ္တိရှိပါမှ (ထိုပုဗ္ဗာဘိသင်္ခါရအတွက် သတ္တိတိုးတက်လာသည်၊ ထိုကဲ့သို့ သတ္တိတိုးတက်လာမှ) အကျိုးပေးနိုင်သည်´ဟူလို။
သည်သာမကသေး။ ။ ဂုဏ၀ိသေသယုတ္တေသု- ဂုဏ်အထူးနှင့် ယှဉ်သော ဘုရား ရဟန္တာ၊ အနာဂါမ်စသော ပုဂ္ဂိုလ်တို့၌၊ ဥပကာရာပကာရ၀သပ္ပ၀တ္တိယာ - ကျေးဇူးပြုခြင်း၊ ကျေးဇူးမဲ့ကို ပြုခြင်း၏ အစွမ်းဖြင့် ဖြစ်ပါမှ (မဟာဒုက်သည် ကဿပဘုရားရှင်အား ဆွမ်းလှူသောအားဖြင့် ကျေးဇူးပြုသလို၊ နန္ဒလုလင်သည် ဥပ္ပလ၀ဏ်ထေရီမ၌ ကျေးဇူးမဲ့ကို ပြုသလို၊ ဂုဏ်ထူးရှိသောပုဂ္ဂိုလ်များ၌ ကောင်းမှု မကောင်းမှုကို ပြုသောစေတနာမျိုးသာ) ဒိဋ္ဌဓမ္မကျိုးကို ပေးသည်။ [ဤ `ဂုဏ၀ိသေသယုတ္တေသု´စသော စကားသည် အမြဲမဟုတ်၊ နန္ဒနွားသတ်သမားသည် ဂုဏ်ထူးမရှိသော နွား၏ လျှာကိုဖြတ်မှုကြောင့် ရှေးရှေးက နွားသတ်သော အကုသိုလ်တွေက ထောက်ပံ့သဖြင့် ဒိဋ္ဌဓမ္မကျိုးကို ခံစားရလေသည်။] ဤသို့လျှင် ပထမဇောစေတနာသည် ပ၀တ္တိအကျိုးကလေးကိုပင် အကြောင်းအထောက်အပံ့ တွေ အတော်စုံညီမှ ပေးနိုင်သည်။
ဒါန၏ ဒိဋ္ဌဓမ္မအကျိုး။ ။ ဓမ္မပဒ သုခသာမဏေ၀တ္ထု၌ ၁။ ၀တ္ထုသမ္ပဒါ - (အနာဂါမ် သို့မဟုတ် ရဟန္တာဖြစ်၍ အလှူခံပုဂ္ဂိုလ်ဟူသော) ၀တ္ထု၏ ပြည့်စုံခြင်း၊ ၂။ စေတနာသမ္ပဒါ- အလှူရှင်က စေတနာထက်သန်ခြင်း၊ ၃။ ပစ္စယသမ္ပဒါ- (တရားသဖြင့် ရှာဖွေ၍ ရအပ်သော လှူဖွယ်ဝတ္ထုဖြစ်သဖြင့်) ပစ္စည်း၏ ပြည့်စုံခြင်း၊ ၄။ ဂုဏာတိရေကတာ- (အလှူခံပုဂ္ဂိုလ်က နိရောဓသမာပတ်မှ ထပြီးခါစဖြစ်၍) လွန်ကဲသော ဂုဏ်နှင့်ပြည့်စုံခြင်း=ဟု ဒိဋ္ဌဓမ္မအကျိုးပေးဖို့ ရာ အကြောင်းလေးမျိုးလာသေး၏။ ထိုအကြောင်းကား - ဒါန၏ ဒိဋ္ဌဓမ္မအကျိုးပေးရာနှင့်သာ ဆိုင်သည်။ အခြားကုသိုလ် အကုသိုလ်တို့နှင့် မဆိုင်။
ဇနက ဥပတ္ထမ္ဘကနှင့် သာမန်ဒိဋ္ဌိဓမ္မကျိုး။ ။`ဒိဋ္ဌဓမ္မကျိုးကို ဇနကသတ္တိဖြင့်ပေးရာ၌ ဤ ပထမဇောကသာ ပေးနိုင်သည်၊ ကံတစ်ပါးကိုထောက်ပံ့ရာ၌ကား ဇော ၇ ကြိမ်လုံးပင် ထောက်ပံ့နိုင်ကြ၏´ဟု ဖွင့်ဆိုကြ၏၊ ထို့ကြောင့် `ကျမ်းဦးအစ၌ ကျမ်းပြုပုဂ္ဂိုလ်နှင့်စာချ စာသင်ပုဂ္ဂိုလ်များ၏ ပဏာမစေတနာသည် အန္တရာယ်ကိုကာကွယ်နိုင်သည်´ဟုဆိုရာ၌ အချို့ဋီကာများဝယ် `ဇနကသတ္တိဖြင့် ပထမဇောက ကာကွယ်သည်´ ဟုဆို၏၊ အချို့ဋီကာများ၌ `ခန္ဓာအစဉ်ဝယ် အန္တရာယ်မရောက်နိုင်အောင် ရှေးကံ၏ အကျိုးဝိပါက် အစဉ်ကို ဥပတ္ထမ္ဘကကသတ္တိဖြင့် ထောက်ပံ့ထားသည်´ ဟုဖွင့်ကြ၏ ၊ ထို့ပြင်- `ဤ ဒိဋ္ဌဓမ္မဝေဒနီယကံသည် ပစ္စုပ္ပန်ဘ၀၌ မထင်မရှား မသိမသာ အကျိုးပေးသည်လည်းရှိ၏´ ဟုဆိုကြ၏ ၊ ဥပမာ - ကုသိုလ်ကောင်းမှု ပြုသည့်အတွက် ဂုဏ်သတင်းထွက်ခြင်း´ ဘုန်းကံကြီးခြင်း ရောင်းဝယ်ကောင်းခြင်း၊ အကုသိုလ်ပြုသည်အတွက် မင်းပြစ်မင်းဒဏ် သင့်ခြင်း စသည်များကို ဒိဋ္ဌဓမ္မဝေဒနီယကံ၏အကျိုး - ဟုပြောဆိုကြ၏၊ ဤအရာမျိုး၌ `ပထမဇော စေတနာ၏ ဒိဋ္ဌဓမ္မအကျိုးဟုလည်းကောင်း၊ `ရှေးကုသိုလ် အကုသိုလ် အကျိုးပေးခွင့်ရအောင် ယခုဘ၀ ကုသိုလ် အကုသိုလ်ကံက ဥပတ္ထမ္ဘကသတ္တိဖြင့် ထောက်ပံ့ခြင်းဟုလည်းကောင်း၊ ဘုရားရှင်မှတစ်ပါး အခြားပုဂ္ဂိုလ်တို့ ခွဲခြားနိုင်ဖို့ ခဲယဉ်းပေလိမ့်မည်။ အဋ္ဌကထာ ဋီကာကြီးတို့၌ကား အထင်အရှား အကျိုးပေးသော အရာများ၌သာ ဒိဋ္ဌဓမ္မဝေဒနီယကံဟု ဖွင့်ကြသည်။ (ဘာဋီ- ၃၅၂-၃၅၄)
အထက်၌ အကုသိုလ်ကံအရာတွင် ဒိဋ္ဌဓမ္မအကျိုးခံစားရသူ ခုနစ်ယောက် ထုတ်ပြသကဲ့သို့ ကုသိုလ်ကံအရာတွင်လည်း ဒိဋ္ဌဓမ္မအကျိုးရသူ (၁) သုမန ပန်းသည်၊ (၂)ဧကသာဋက ပုဏ္ဏား၊ (၃) ပုဏ္ဏ သူရင်းငှါး၊ (၄) မလ္လိကာ မိဖုရား၊ (၅) ဂေါပါလမာတာ မိဖုရား၊ (၆) သုပ္ပိယာ ဥပါသိကာမ၊ (၇) ပုဏ္ဏာမည်သော ကျွန်မ- ဟု ခုနစ်ယောက်ရှိကြောင်း မိလိန္ဒပဉှာတွင် ထုတ်ပြထား၏။
ဒိဋ္ဌဓမ္မဝေဒနီယကံအတွက် အကျဉ်းမှတ်ရန် လင်္ကာမှာ=
`ထို့ပြီ့းတ၀၊ လှူဒါန၌၊ ပစ္စယ ဓမ္မိယာ၊ စေတနာမဟတ်၊ သမ္ပတ်ဝတ္ထု၊ ဂုဏ်လွန်မှုဖြင့်၊ စတုအင်္ဂါ၊ ညီတုံပါက၊ ပစ္စက္ခ၀ယ်၊ ပထမစေတနာ၊ ကျိုးပေးစွာ၏။
`သုံးဖြာဒွါရ၊ ပဏာမမူ၊ ဂုဏပသာဒ၊ ဤရွေ့မျှတည့်၊ ခေတ္တအဇ္ဈာ၊ သမ္ပဒါနှစ်ဝ၊ ဒုဝင်္ဂဖြင့်၊ ဒိဋ္ဌဓမ္မ၊ အကျိုးရရှင့်။´ (မဃဒေ၀၊ ၃၁၉)
ဤမျှဆိုလျှင် ဒိဋ္ဌဓမ္မဝေဒနီယံကံအကြောင်း ပြည့်စုံစွာ သိနိုင်လောက်ပြီဟု ယူဆပါသည်။ ရဟန္တာပုဂ္ဂိုလ်များ ပေါများပြီး အလှူရှင်များ အကျိုးများအောင် နိရောဓသမာပတ် ၀င်စားပြီးမှ ဆွမ်းခံကြွလေ့ရှိသော အရှင်မဟာကဿပစသော မထေရ်ကြီးများ ရှိခဲ့သော ဘုရားရှင်လက်ထက်ကပင် (အကြောင်းအထောက်အပံ့များ ပြည့်စုံဖို့မလွယ်သဖြင့်) ဒိဋ္ဌဓမ္မအကျိုးရသူ ခုနစ်ယောက်သာ ရှိခဲ့ရာ ရဟန္တာပုဂ္ဂိုလ်နှင့် တွေ့ကြုံရဖို့ မလွယ်ကူသော ဤခေတ်တွင် ဒိဋ္ဌဓမ္မအကျိုးရဖို့ မလွယ်ကူသည့် အနေအထားရှိပါသည်။
အလှူ၏ အကျိုးကိုပင် မျှော်ကိုးမနေဘဲ လွတ်လွတ်စွန့်လှူနိုင်သည့် ပါရမီမြောက် ဒါနများ ပြုကျင့်နိုင်ကြပါစေ။

အရှင်ကောဝိဒ (ယော)

Friday, May 21, 2010

ကာမေသု အကြောင်း သိကောင်းစရာ

ကာမေသု အကြောင်း သိကောင်းစရာ
ကာမေသု မိစ္ဆာစာရကံကို အမျိုးသားများသာမက အမျိုသမီးများပါ ထိုက်သည်ဆိုပါ လျှင် မည်သည့်အမှုမျိုးမှာ အမျိုးသမီးများ ကံထိုက်ပါသနည်း။ အိမ်ထောင် မရှိသူများ လွတ် လပ်စွာနေကြလျှင် ကံထိုက်မထိုက် ဖြေကြားပေးပါဘုရား။

ကာမေသူတိ မေထုနသမာစာရေသု။
ကာမေသူတိ - ကာမေသု ဟူသည်ကား၊ မေထုနသမာစာရေသု - မေထုန်အကျင့်တို့၌။
မိစ္ဆာစာရောတိ ဧကန္တနိန္ဒိတော လာမကာစာရော။ [ ပဋိသံ၊ ဋ္ဌ၊ ၁၊ ၂၀၄]
မိစ္ဆာစာရောတိ - မိစ္ဆာစာရဟူသည်ကား၊ ဧကန္တနိန္ဒိတော - စင်စစ်ကဲ့ရဲ့ထိုက်သော၊ လာမကာစာရော- ယုတ်မာသောအကျင့်တည်း။
အထက်ပါဖွင့်ဆိုချက်အရ ကာမေသု မိစ္ဆာစာရ - ဟူသောပုဒ်တွင် ကာမေသု အရ မေထုန်မှု့၊ မိစ္ဆာစာရ အရ စင်စစ်ဧကန် အမှန်ပင် ကဲ့ရဲ့ထိုင်သော ယုတ်ယုတ်မာမာပြုကျင့်မှု့- ကို ယူရပါမည်။
မှန်ပါသည်။ လောကတွင် ကိုယ့်လင် ကိုယ့်မယား၊ စည်းစိမ်ခံစားဘက် အချင်းချင်း သွားလာ ဆက်ဆံခြင်း ကို ပုထုဇဉ်တို့ အမြင်ဖြင့် အမှန်ပင်ကဲ့ရဲ့ထိုက်သော အမှု့ဟု မဆိုသာ၊ တိရိစ္ဆာန်တို့ကဲ့သို့ အမိ, နှမ စသည် မခွဲ လွန်ကဲစွာသာ တွေ့သမျှမိန်းမ လာသမျှ ယောက်ျား ကြုံသလိုသွားလာ ပျော်ပါးလျှင်ကား ပညာရှိတို့အမြင်တွင် စင်စစ်ကဲ့ရဲ့ထိုက်သော ယုတ်မာသော အမှု့ဖြစ်၏။
ထို့ကြောင့် ကာမေသု မိစ္ဆာစာရ- အရ ကိုယ့်လင် ကိုယ့်မယားမှ တစ်ပါး အခြားယောက်ျား အခြားမိန်းမ တို့နှင့် ဆက်ဆံပျော်ပါးခြင်းကို ကောက်ယူရ၏။
ထိုသို့ ဆက်ဆံပျော်ပါးရာတွင် --
(၁)။ အဂမနီယ၀တ္ထု - မသွားလာထိုက်သော ၀တ္တုဖြစ် ခြင်း။
(၂)တသိံ္မ သေ၀နစိတ္တံ - ထို မသွားလာထိုက်သောဝတ္ထု (မဆက်ဆံ မပျော်ပါးသင့် သောမိန်းမ-ယောက်ျားများ) ၌ မှီဝဲလိုသော စိတ်ရှိခြင်း။
(၃)၊ သေ၀န ပယောဂေါ - မှီဝဲမှု့ လုံးလပြုခြင်း။
(၄)၊ မဂ္ဂေန မဂ္ဂပဋိပတ္တိ အဓိဝါသနံ - မဂ်အချင်းချင်းကျင့်ခြင်း (ဆက်ဆံရခြင်း)ကို သည်းခံ သာယာခြင်း၊ ဟူသော ဤလေးပါးစုံမှ ကာမေသု မိစ္ဆာစာရကံ မြောက်ပါသည်။
ကာမေသု မိစ္ဆာစာရကံနှင့် ပတ်သက်သည့် မေးခွန်း၏ အဖြေများတွင် အဂမနီယ၀တ္ထု- အရ `မိန်းမနှစ်ကျိပ်၊ ပျော်ကြောင်းသိပ်လည်း၊ မအိပ်လေရာ´ ဟူသည့်အတိုင်း အမိစောင့် ရှောက်သောမိန်းမ အဖစောင့်ရှောက်သောမိန်းမ- စသော မိန်းမ အမျိုအစား နှစ်ဆယ်ကို ထုတ်ထုတ်ပြကြရပါသည်။ ထိုမိန်းမ အမျိုးအစား နှစ်ဆယ်ကို အနှစ်ချုပ်လိုက်လျှင် ကာမပိုင် မရှိသေးသော အပျိုနှင့်၊ စေ့စပ်ကြောင်းလမ်းထားသူ အပါအ၀င် ကာမပိုင် အရှင်သခင် လင်ယောက်ျားရှိပြီးဖြစ်သော မိန်းမဟု နှစ်မျိုးသာရပါသည်။
ဤတွင် ၁။ နံပါတ် အဂမနီယ၀တ္ထု အရ ကာမပိုင် မရှိသေးသော အပျိုသည် မိမိကာမကို မိမိပိုင်သဖြင့် မည်သည့်ယောက်ျားနှင့် ဆက်ဆံသည်ဖြစ်စေ ကာမေသုမိစ္ဆာစာရ မထိုက်ဟုဆိုပါသည်။
စေ့စပ်ထားသူမှအစ မိမိကို ပိုင်ဆိုင်သူ ရှိပြီးဖြစ်သော မိန်းမအတွက်ကား ထိုကာမပိုင် ယောက်ျားမှ တစ်ပါး အခြားယောက်ျားနှင့် ဆက်ဆံလျှင် ကံထိုက်ပါသည်။
ယောက်ျားဘက်တွင်ကား မိမိပိုင် မိန်းမမှတစ်ပါး အခြားမည်သည့် မိန်းမနှင့်မဆို ကံထိုက်ပါသည်။ (အပျိုနှင့်ဆက်ဆံရာတွင် မထိုက်ဟု ထင်ကြသည်။ သတိပြုပါ။) ပြည့်တန်ဆာမနှင့် ဆက်ဆံရာတွင် ကိုယ့်ထက်အရင် ငွေပေးထားသူရှိက နောက်ယောက်ျား ကံထိုက်၏။
ပြည့်တန်းဆာမဘက်ကလည်း ငွေလက်ခံထားပြီး ထိုယောက်ျားနှင့် မပြီးပြတ်ခင် အခြားယောက်ျားကို လက်ခံလျှင် ကံထိုက်၏။
အိမ်ထောင်မရှိသူများ လွတ်လပ်စွာနေကြရာ၌ မယားအမှတ်ဖြင့် ပေါင်းသင်းဆက်ဆံ လျှင် (မိဘ သဘောတူတူ, မတူတူ) ဆန္ဒ၀ါသီနီ - ဟူသော အလိုတူ၍နေသော မယားအရာမြောက်၍ ယောက်ျား ကံ မထိုက်။ အမျိုးသမီးဘက်တွင်လည်း စေ့စပ်ထားသူ, ငွေပေးထားသူ စသော ပိုင်ဆိုင်သူ မရှိသေးလျှင် ကံမထိုက်။
ဤကာမေသု မိစ္ဆာစာရ အရာ၌ သွားလာအပ်သူ (ဆက်ဆံဘက်)က သီလ စသော ဂုဏ်နှင့် ပြည့်စုံလျှင် အပြစ်ကြီး၏။ သီလ စသော ဂုဏ်ကင်းလျှင် အပြစ်ငယ်၏။ [အဘိ၊ ဋ္ဌ၊ ၁၊ ၁၄၁၊]
သီလစသော ဂုဏ်ကင်းသူ၌လည်း အနိုင်အထက် ပြုကျင့်လျှင် အပြစ်ကြီး၏။ နှစ်ဦးသဘောတူ၍ ကျူးလွန်ရာ၌ အပြစ်ငယ်၏။
နှစ်ဦးသဘောတူ ဆက်ဆံရာ၌လည်း ကိလေသာ အားကြီး, မကြီး၊ လုံ့လ အနည်း အများ လိုက်၍ အပြစ်အကြီး အသေးကွာခြား၏။ [ ဣတိဝုတ်၊
ဋ္ဌ၊ ၂၂၀]
ကာမေသု မိစ္ဆာစာရကံ၏ အကျိုးရင်း, အကျိုးဆက်တို့ကို အဋ္ဌကထာထိုထိုမှ ထုတ်နုတ်၍ သုတေသန သရုပ်ပြ အဘိဓာန်တွင် `ကာမေသုကံ ကျိုးပြစ်ဒဏ် ထိမှန် ၁၅ပါး´ ဟူသော ခေါင်းစဉ်းဖြင့် အပြစ် ၁၅-ပါး ပြပါသည်။ ထို ၁၅-ပါးမှာ -
၁။ အပါယ်လေးပါး လားရခြင်း၊
၂။ မိန်းမ,ပဏ္ဍုက်ဖြစ်ရခြင်း၊
၃။ ရန်သူနှင့်တွေ့ရခြင်း၊
၎။ လူအများမုန်းခြင်း၊
၅။ အစား အသောက်, အ၀တ် အထည်, အိပ်ရာနေရာ ရခဲခြင်း၊
၆။ ဆင်းဆင်း ရဲရဲ အိပ်ရ, နိုးရခြင်း၊
၇။ အမျက် ဒေါသကြီးခြင်း၊
၈။ လောကုတ္တရာတရား မရနိုင်ခြင်း၊
၉။ စည်းစိမ်ဥစ္စာ ပျက်ပြုန်းရခြင်း၊
၁၀။ ယုံကြည်မှု ကင်းမဲ့ခံရခြင်း၊
၁၁။ ဘေးတွေ့ရခြင်း၊
၁၂။ ယုံမှား သံသယများခြင်း၊
၁၃။ ချစ်သူတို့နှင့် ခွဲနေရခြင်း၊
၁၄။ အသက်တိုခြင်း၊
၁၅။ ဆင်းရဲကြီးစွာ တွေ့ရခြင်း၊ ဟူ၍ ဖြစ်ပါသည်။
ဤကာမေသု မိစ္ဆာစာရကံနှင့် ပတ်သက်၍ မေးခွန်းတွင် မပါဝင်သော်လည်း သိမှတ်စရာ, ဆင်ခြင်စရာတွ များလွန်းလှသဖြင့် ဆရာ အဆက်ဆက်၏ အယူအဆ အမျိုးမျိုးကိုလည်း ဆက်လက်တင်ပြချင်ပါသေးသည်။
ကာမေသု မိစ္ဆာစာရ ကံနှင့် ပတ်သက်၍ မေးစရာ စောဒကတက်စရာတွေက များလွန်း လှသဖြင့် ရှေးကပင် ဆရာအများ ဖြေကြား ရှင်းလင်းခဲ့ကြရ၏။ ထိုသို့ ဖြေကြားရှင်းလင်း ကြရာတွင် လေ့လာမိသမျှ အစုံလင်စုံးကျမ်းများကား တောင်မြို့ ဆရာတော်၏ သင်္ဂြီုလ် ဘာသာဋီကာနှင့် လယ်တီပဏ္ဍိတ ဦးမောင်ကြီး၏ ပရမတ္ထသံခိပ်ဋီကာတို့ ဖြစ်ကြ၏။ ယခု ထိုကျမ်းများမှ ထုပ်နှုတ်၍ အမေးအဖြေ ပုံစံဖြင့် ကူးယူဖော်ပြလိုက်ပါသည်။
မေး။ ။ အမှောင်တွင်း၌ သူ့မယားကို ကိုယ့်မယားထင်မှတ်၍ သွားလာသော ယောက်ျား, ကိုယ့်ခင်ပွန်း ထင်မှတ်၍ သည်းခံသော မိန်မတို့အား ကံထိုက် မထိုက် ဖြေကြား ပေးပါဘုရား။
အထက်ပါ အဖြစ်အပျက်တွင်
(၁) နံပါတ်အရ မသွားလာသင့်သော မိန်းမ, ယောက်ျားများလည်းဖြစ်နေ၏။
(၂) နံပါတ်အရ မှီိဝဲလိုစိတ်လည်း ရှိ၏။
(၃) နံပါတ်အရ လုံးလလည်းပြု၏။
(၄) နံပါတ်အရ မဂ်အချင်းချင်း ပူးယှဉ်ခြင်းကိုလည်း သာယာ၏။
ဤသို့ အင်္ဂါ ၄- ပါးလုံး ညီသောကြာင့် ကာမေသု မိစ္ဆာစာရ ကံထိုက် ပါသည်။
ဤနေရာတွင် လယ်တီပဏ္ဍိတ ဦးမောင်ကြီးက (ပါဏာတိပါတ အရာတွင် သတ္တ၀ါဖြစ် ခြင်း၊ သတ္တ၀ါဟု အမှတ်ရှိခြင်း၊ သတ်လိုခြင်း၊ သတ်ခြင်း၊ သေခြင်းဟု အင်္ဂါငါးပါးရှိသကဲ့သို့) အချို့ဆရာတို့ကား အဂမနီယ၀တ္ထု- ဟူ၍ အမှတ်ရှိပါမှ ( မသွားလာသင့်သော မိန်းမ, ယောက်ျားမှန်းသိပါမှ) ကာမေသု မိစ္ဆာစာရ ကံ ထိုက်သင့်သည်၊ မသိ၍မှားကြရာ၌ မထိုက်သင့် ဟု ယူလိုကုန်၏။
အဂမနီယ၀တ္ထုသညိတာ= မသွားလာသင့်သော ၀တ္ထုဟု အမှတ်ရှိခြင်း-ဟူ၍ အင်္ဂါတစ်ပါးတိုးကား ကာမေသု မိစ္ဆာစာရ၏ အင်္ဂါကို ငါးပါးထားလိုကြကုန်၏။ သို့ရာတွင် အဋ္ဌကထာကြီး၌ လေးပါးမျှသာ ပြဆိုပြီးရှိ၍ မလွန်ဆန် သာချေ… ဟု မှတ်ချက်ပြုထားပါသည်။
ဘာသာဋီကာ ဆရာတော်ကလည်း `ခိုးယူပေါင်းသင်းလိုသောစိတ် မပါပဲ အထင်းမှာ၍ ဖြစ်ရသောကြောင့် အပြစ်ကြီးလှမည်မထင်။ ထိုစကားမှန်၏- အချို့နေရာ၌ ကံထိုက်တိုင်း လည်း အပြစ်မကြီး၊ ကံမထိုက်သော်လည်း အဘိဓမ္မာသဘောအရ စေတနာယုတ်မာလှသဖြင့် အပြစ်ကြီးလေးသောအရာ များစွာရှိပေသည်´ ဟု မှတ်ချက်ပြုထားပါသည်။
မေး။ ။ တိရိစ္ဆာန်၊ မိန်းမလျာ၊ အရူးမတို့၌ သွားလာသော ယောက်ျားတို့အား မိစ္ဆာစာရ ဖြစ် မဖြစ် ဖြေကြားပေပါဘုရား။
ဖြေ။ ။ တိရိစ္ဆာန်မ၌ အမြဲလင်ဖြစ်သော တိရိစ္ဆာန်ထီး ရှိနေလျှင်လည်းကောင်း၊ နဂါး စသည်တို့ကဲ့သို့ ဆိုင်ရာမိဘက စောင့်ရှောက်ထားလျှင်လည်းကောင်း၊ မိစ္ဆာစာရ ဖြစ်၏။ ထိုကဲ့သို့ မရှိလျှင် မိစ္ဆာစာရ မဖြစ်။ (ဘာသာဋီကာ)
ဘူရိဒတ် နဂါးမင်းကြီးသည် သီလဆောက်တည်ကြောင်း၊ ယုန်, ဖျံ, မြေခွေး, မျောက် တို့သည်လည်း 逞ီလဆောက်တည်ကြောင်းကို ကျမ်းဂန်တို့၌ လာရှိေ᠞ာကြောင်ᠷ တርရိစ္ဆာ〔်တို့ မှာሜည倹း ငါးပါးရှစ်ပါးစသော သီလများလည်း ရှိသည်ပင်ဖြစ်၏။
ထို့ကြောင့် တိရိစ္ဆာန်၌သော်လည်း မသွားလာအပ်သော အဂမနီယ၀တ္ထု၌ သွားလာ လွန်ကျူးလျှင် ကံထိုက်၏။(သံခိပ် ဋီကာ)
[ကာမပိုင်ရှိသော မိန်းမတို့သည် လူဇာတ်မဟုတ်သော တိရိစ္ဆာန်ထီးတို့နှင့် ကျူးလွန်ရာ ၌လည်း ကာမေသု မိစ္ဆာစာရ ဖြစ်၏။ မလ္လိကာမိဖုရားဝတ္ထုကို ထောက်ပါ။ (သံခိပ် ဋီကာ)]
` (၄)- နံပါတ်အင်္ဂါ မဂ္ဂေန မဂ္ဂပဋိပတ္တိ- အရ မဂ်သည် ပဿာဝမဂ် (vagina)၀စ္စမဂ် (anus)မုခမဂ် (mouth) ဟူ၍ သုံးပါးရှိ၏။ ထိုမဂ်သုံးပါးလုံး၌ပင် ကျူးလွန်က ကံထိုက်၏ ဟု ဆုံးဖြတ်တော်မူကုန်၏။
ယောက်ျားချင်းချင်းသော်လည်း ၀စ္စမဂ်, မုခမဂ်တို့၌ သွားလာလွန်ကျူးလျှင် ကာမေသု မိစ္ဆာစာရ ဖြစ်၏ ဟု ဆရာကြီးတို့ အလိုရှိတော်မူကုန်၏။ ထုံးစံဓမ္မတာ ဖြစ်၍သာ မိန်းမကို ကာမေသု မိစ္ဆာစာရ ၀တ္ထု အထည်ကိုယ် ဆိုရသည်။ ယောက်ျားကိုလည်း ကာမေသုမိစ္ဆာစာရ ၀တ္ထု အထည်ကိုယ်ကြီး ဟု ဆိုသင့်၏ ဟု သဘောကျ နှစ်သက်တော်မူကုန်၏။
အရူးမကို မိဘစသည်တို့က အုပ်ထိန်းလျက် ရှိသေးလျှင် မိစ္ဆာစာရဖြစ်၏။ အအုပ် အထိန်း မရှိသူမှာ မိစ္ဆာစာရ မဖြစ်။ (ဘာသာဋီကာ)
မေး။ ။ ယောက်ျားတစ်ယောက်ကို မိန်းမတွေက ကြိုးတုပ်၍ ကျူးလွန်ကြရာ ထိုယောက်ျား ကံထိုက်မထိုက် ဖြေကြားပေးပါဘုရား။
ဖြေ။ ။ မိမိက လုံးလမပြုပဲ သူတစ်ပါးက လုံးလပြုသည်ကို သာယာလျှင် ၃-နံပါတ် အင်္ဂါဖြစ်သော ပယောဂ - မပါသောကြောင့် `ကံ မထိုက်´ဟု အပရေ ဆရာတို့ဆိုကြ၏။ ဧကေဆရာတို့ကမူ `လုံးလပယောဂ မပါသော်လည်း မှီဝဲလိုသော စိတ်ရှိလျှင် ကံမြောက် သည်´ဟု ဆုံးဖြတ်ကြ၏။ အချို့အခါဝယ် မိန်းကလေး ဘက်၌ လုံးလပယောဂမပြုပဲ ကိစ္စပြီး နိုင်သည် ဟု သုံးသပ်ကြ၏။ (ဘာသာဋီကာ)
ထိုကဲ့သို့ ပယောဂမပါပဲ ကိစ္စပြီးနိုင်လျှင် အင်္ဂါလေးပါးမရှိထိုက် ပယောဂကို ချန်ထား၍ သုံးပါးသာ ပြထိုက်၏။ အဋ္ဌကထာမှာလည်း အင်္ဂါလေးပါးပင် လာသည်မဟုတ်ပါလော ဟူငြား အံ့...
သေ၀နပယောဂ (မှီဝဲကြောင်း လုံ့လပြုမှု) ကို ယေဘုယျနည်းအားဖြင့် ရသင့်ရထိုက်၍ အဋ္ဌကထာ ဆိုတော်မူသည်။ ဧကန္တမုချ အင်္ဂါမဆိုသင့် အကယ်၍ ပယောဂရှိပါမှ မိစ္ဆာစာရကံ ထိုက်သည်ဆိုလျှင် မိန်းမတို့၌ ပယောဂဗျာပါရသည် လွန်စွာနည်းပါး၏။
ထို့ကြောင့် မာတုဂါမ တို့၌ ကာမေသုမိစ္ဆာစာရကံ မြောက်ခဲနိုင်မျှ ဖြစ်ရာ၏။ ထို့ကြောင့် ပယောဂအင်္ဂါကို များစွာ အရေးကြီးသော အချက်၌ မထားပဲ အဂမနီယ၀တ္ထု၌ မဂ်အချင်းချင်း ပူးယှဉ်၍ သာယာလျှင် ကံမြောက်၏ဟု အရေးကြီးစွာ ဆုံးဖြတ်သင့်၏။(သံခိပ်ဋီကာ)
ဤကား အဋ္ဌကထာ ဋီကာတို့ကို ကြည့်ရှုသုံးသပ်၍ ဆရာမြတ်တို့ ဖြေရှင်းဆုံးဖြတ် အပ်သော အဓိပ္ပါယ် အယူအဆတို့တည်း။ အချုပ် အဖြစ် `ကာမေသု မိစ္ဆာစာရ- ဟူသည် မေထုန် အမှုတို့၌ စင်စစ်ကဲ့ရဲ့ထိုက်သော ယုတ်ယုတ်မာမာပြုကျင့်မှုတည်း´ဟူသော အဋ္ဌကထာဖွင့် အနက်ကို မှတ်သားနိုင်လျှင် လုံလောက်ပါသည်။
မှန်ပါသည်၊ လွန်လွန်ကဲကဲ ယုတ်ယုတ်မာမာ ပြုကျင့်လျှင် မည်သူနှင့်မဆို ကာမေသု မိစ္ဆာစာရ ကံထိုက်ကြောင်း ရှေးဆရာမြတ်တို့ နှစ်သက်လက်ခံ တော်မူကြသည်။
စွယ်စုံကျော်ထင်ကျမ်းတွင် `မိစ္ဆာဖြစ်ဖွယ်၊ အိမ်ရှင်ဝယ်၊ လေးသွယ်ရှိ၏ အဘယ်နည်း´ ဟူသော ကြည့်ကန်ရှင်ကြီး၏ အမေးကို ကျီးသဲလေးထပ် ဆရာတော်က ဤသို့ဖြေတော်မူ သည်။
`အကာလေ အဒေသေ အဓမ္မေန အနင်္ဂေန သေ၀န္တဿ သဒါရေပိ မိစ္ဆာစာရော ဟောတိ´
အကာလေ- ရောဂါရောက်သော အခါ, ကိုယ်ဝန် အလွန်ရင့်၍ မပြုသင့်သော အခါ၌ လည်းကောင်း၊ အဒေသေ- မိဘဆရာ သူတကာတို့ မြင်သာသဖြင့် မသင့်သော အရပ်၌ လည်းကောင်း၊ အဓမ္မေန- ကျင့်ရိုးမဟုတ် ကျင့်သဖြင့်လည်းကောင်း၊ အနင်္ဂေန- ဆေးဝါးမှီဝဲ ရှိမြဲအင်္ဂါထက် လွန်စေသဖြင့်လည်းကောင်း၊ သေ၀န္တဿ- မှီဝဲသောသူအား၊ သဒါရေပိ- မိမိ မယား၌လည်း၊ မိစ္ဆာစာရော- မှားသောအကျင့်သည်၊ ဟောတိ- ဖြစ်၏။-ဟု ဆဂတိဒီပနီ၌ လာသည်။
မနုဝဏ္ဏနာ အမည်ရှိသော ဓမ္မသတ်၌ကား- `ခရီဝေးစွာ၊ လာသည့်အခိုက်၊ ၀မ်း၌ကိုယ် ၀န်၊ ပြင်းထန်ပူဆာ၊ ရောဂါနှိပ်စက်၊ တစ်ချက်ရူးသွပ်၊ ဤလေးရပ်သည် မစပ်ရှက်သင့် အခါတည်း´ ဟူ၍ဆိုသည်။
မဃဒေ၀၌လည်း `စွန်းတပ်ရာဂ၊ သူ့သက်မျှ၌၊ ကာမမိုက်မွှန်၊ ကျင့်ကျူးလွန်က၊ ကျွန်ဖွယ် ကျွန်လိပ်၊ ဆိုရိပ်ဓမ္မသတ်၊ လောကီဖြတ်လည်း၊ မလွတ်နောင်လာ၊ သံသရာဝယ်၊ ပါယ်ရွာလားစု၊ ပါပမှု့တည်း´ ဟု စပ်ဆိုတော်မူ၏။ (၂၃၃)
ကာမရောဂါ ကိုယ်တွင်းနာကို ဟိရိဩတ္တပ် ပညာညှပ်၍ နှိပ်ကွပ်နိုင်ပါစေ။

အရှင်ကောဝိဒ (ယော)

Tuesday, April 20, 2010

မြင့်မြတ်စံပြုထိုက်သည့် အဖွဲ့အစည်း

`အဖွဲ့အစည်းဟူသည်-
(၁) ကိစ္စတစ်ရပ်ရပ်ကို ဆောင်ရွက်ရန် လူအများကဖြစ်စေ, အာဏာပိုင် အစိုးရကဖြစ်စေ, စုစည်းထားသော ပုဂ္ဂိုလ်စု။
(၂) ကိစ္စတစ်ရပ်ကို အထူး ဆောင်ရွက်ရာတွင်လည်းကောင်း တူညီသော ဦးတည် ချက် ရှိသဖြင့်လည်းကောင်း, ပေါင်းစုနေသည့် လူစုဖြစ်သည်´ ဟု မြန်မာအဘိဓာန် အကျဉ်းချုပ်တွင် ဖွင့်ဆိုထားသည်။
`သံဃောတိ ပုဂ္ဂလသမူဟော ၀ုတ္တော´- `သံဃာဟူသည် ပုဂ္ဂိုလ်အပေါင်းကို ခေါ်၏´ ဟု ဖွင့်ဆိုသောကြောင့် သံဃာသည် တစ်ပါးတည်း, တစ်ဦးတည်းကို ခေါ်သည်မဟုတ်။ အပေါင်းအစု, အဖွဲ့အစည်းဖြင့် နေသူများကို ခေါ်ဆိုသည်။
ယင်းသံဃာအဖွဲ့ အစည်းသည် တူညီသော ဦးတည်ချက်ဖြင့် ပေါင်းစုသည့် အစုအဖွဲ့ ဖြစ်ကြောင်းကို အရှင်မဟာကစ္စည်းက `သမဂ္ဂံ ကမ္မံ သမုပဂစ္ဆတီတိ သံဃော- ညီညွတ်သော ကံ, တူညီသော အလုပ်သို့ ရှေးရှု ကပ်ဆောင်တတ်, ဆောင်ရွက်တတ်သောကြောင့် သံဃာမည်၏´ ဟု ဖွင့်ဆိုတော်မူသည်။
ညီညွတ်, တူမျှသောအလုပ်သို့ ရှေးရှုကပ်ရောက် ဆောင်ရွက်သော သံဃာသည် အဖွဲ့အစည်းဖြင့် နေတတ်သော မြင့်မြတ်သော လူသားများပင် ဖြစ်သည်။
ယင်းမြင့်မြတ်သော လူသားဖြစ်သည့် သံဃာသည် လူ့အဖွဲ့ အစည်းများနှင့်လည်း နှီးနွယ် ဆက်စပ်နေသည်သာ ဖြစ်သည်။
လူသည် အစဉ်အလာနှင့် တည်တည် တံ့တံ့ စုစုစည်းစည်း နေထိုင်လာမိသောအခါ လူ မျိုးစု, လူပေါင်းစု, လူ့အဖွဲ့အစည်းများ အလိုလိုဖြစ်ပေါ်လာစေ၏။ လူမှန်လျှင် လူ့အဖွဲ့အစည်း နှင့် မကင်းရှင်းနိုင်၊ လူ့အဖွဲ့အစည်း၏ အဖွဲ့ဝင်အဖြစ် ပါဝင်နေရ၏။
ထို့ကြောင့် ကိုယ်နေချင်သလို နေထိုင်လို့မရ၊ ကိုယ်လုပ်ချင်သလို လုပ်လို့မရ၊ ယင်းအဖွဲ့အစည်း၏ ကျရာတာဝန်ကို ထမ်းဆောင်ရသည်။ ထားရာ,နေရာ၌ ရှိနေသည့် စည်းမျဉ်းကို လိုက်နာရ၏။
လူ့သမိုင်းဦးမှစ၍ မျက်မှောက်ခေတ်ထိ လူမျိုးအသီးသီးတို့သည် မိမိတို့မျိုးရိုးအလိုက် လူ့အဖွဲ့အစည်း အသီးအသီးကို ဖွဲ့စည်းနေထိုင်ကြကာ မိမိတို့ စည်းမျဉ်းဥပဒေအတိုင်း လိုက်နာကြရသကဲ့သို့ မြင့်မြတ်သော လူသားများဖြစ်သည် သံဃာတော်တို့သည်လည်း မိမိတို့၏ အဖွဲ့အစည်း ဥပဒေစည်းမျဉ်းများအတိုင်း လိုက်နာနေထိုင် ကျင့်သုံးကြရသည်။
သံဃာ့အဖွဲ့အစည်းသည် မြတ်ဗုဒ္ဓညွှန်ပြ ဟောပြောသော ဓမ္မ၀ိနယနှင့်အညီ လိုက်နာ နေထိုင် ဆောင်ရွက်ရသော အဖွဲ့အစည်း ဖြစ်သည်။
ယင်းသံဃာ့အဖွဲ့အစည်း ပေါ်ပေါက်လာခြင်းသည် လူသားအကျိုးပြု လုပ်ငန်းများကို အားကျိုးမာန်တက် ဆောင်ရွက်ရန် ဖြစ်သည်။
ယင်း အဖွဲ့အစည်း၏ စည်းမျဉ်းများကို ညွှန်ပြသူ မြတ်ဗုဒ္ဓသည်လည်း လူထု ကောင်းစားရေးကို ဘ၀တစ်လျှောက်လုံး နေ့မအား ညမနား တက်တက် ကြွကြွ ဆောင်ရွက်တော်မူခဲ့သည်။
`ပြည်သူတို့၏ အကျိုးစီးပွားအတွက် အစည်းအဝေးပွဲများကို ညီညွတ်စွာ ကျင်းပ၍ သဘောတူဆောင်ရွက်မှသာ လူမှုကိစ္စများ အောင်မြင်နိုင်သည်´ ဟူသော လိစ္ဆ၀ီမင်းများ၏ နိုင်ငံရေး အဖွဲ့အစည်းများ အကြောင်းကို မြတ်ဗုဒ္ဓက လက်ခံ၍ သံဃာ့အဖွဲ့အစည်းအတွက် ဘိက္ခုအပရိဟာနိယ တရားများကို ဟောတော်မူခဲ့သည်။
ယင်းအနက် `ရဟန်းတို့သည် ရဟန်းဝါကြီး၍ အသက်ရှည်သော ထေရ်ကြီး ရဟန်း တို့ကို ရိုသေလေးစား မြတ်နိုးပူဇော်လျက် ၎င်းတို့၏စကားကို နာယူသင့်သည်။ အချင်းချင်း တိုင်ပင်ဆွေးနွေး ညှိနှိုင်းသင့်သည်။ အညီအညွတ် ဆောင်ရွက်သင့်သည်´ ဟု ထင်မှတ်၍ လုပ်ဆောင်နေသမျှ ရဟန်းတို့အား ကြီးပွားရန်သာရှိသည်။ ဆုတ်ယုတ်ရန်ကား မရှိ´ ဟူသော အချက်သည် သံဃာ့အဖွဲ့အစည်း၏ အသက် သွေးကြောင်းများပင် ဖြစ်သည်။ ( ဒီ၊ ၂- ၆၆)
ယင်း သံဃာ့အဖွဲ့အစည်းသည် ဆရာတပည့် ဆက်ဆံရေးအဖွဲ့အစည်းပင် ဖြစ်သည်။ ယင်းဆရာတပည့် ဆက်ဆံရေးသည် အထက်လူနှင့် အောက်လူတို့၏ ဆက်ဆံမှုမျိုး မဟုတ်၊ သားအဖ ဆက်ဆံမှု, မိသားစု ဆက်ဆံမှုမျိုး ဖြစ်သည်။
`တပည့်သည် ဆရာအပေါ်၌ ဖခင်-ဟု စိတ်ထား၍ ဆရာကလည်း တပည့်ကို သား-ဟု စိတ်ထားကာ ပြုရမည်´ ဟူသော ၀ိနယပိဋက, မဟာဝဂ္ဂ-လာ ဆရာတပည့် ကျင့်ဝတ်များကိုကြည့်က သိရှိနိုင်သည်။ ( ၀ိ၊ ၃၊ ၈၀-၉၅)
သမိုင်းသလျှောက်တွင် ဒေသအသီးသီး၌ အဖွဲ့အစည်းအမျိုးမျိုးရှိကြသည်။ ယင်း၌ အဖွဲ့ဝင်ပုဂ္ဂိုလ်များလည်း အစားစားရှိကြသည်။
မည်သည့် အဖွဲ့ဝင်ပုဂ္ဂိုလ်မျိုးမဆို မိမိတို့ပါဝင်သော အဖွဲ့အစည်း၌ ကျရာအခန်း ကဏ္ဍတွင် တာဝန်ကျေပွန်အောင် ထမ်းဆောင်ကြရသည်။
နာယက, ဥက္ကဋ္ဌ-မှသည် ရုံးစေ, ဒရ၀မ်-အထိ မိမိတို့၏ အဖွဲ့အစည်း တည်တန့်ပြန့်ပွား သန့်ရှင်းအောင် ဆောင်ရွက်ကြရသည်။
ဗုဒ္ဓ၏ သံဃာ့အဖွဲ့အစည်းသည်လည်း မြတ်ဗုဒ္ဓမှစ၍ ကိုရင်, သာမဏေ, ကျောင်းသား အထိ ကျရာတာဝန်များကို ကျေပွန်အောင် တက်ညီလက်ညီ ဆောင်ရွက်ကြရသည်။ ယင်းသို့ ဆောင်ရွက်ခြင်းကြောင့်ပင် ဗုဒ္ဓ၏ သံဃာ့အဖွဲ့အစည်းသည် ယနေ့ထိ တည်ရှိနေခြင်းဖြစ်၏။
ကမ္ဘာ့အဖွဲ့အစည်းများ၌ အဖွဲ့ဝင်များလိုက်နာရန် ချမှတ်ထားသော စည်ကမ်းဥပဒေ များရှိကြ၏။ ယင်းကို တာဝန်သိသိ ဆောင်ရွက်ကြသူများလည်းရှိ၏။ အဖွဲ့အစည်း တည် ထောင်သူ၏ အလိုဆန္ဒကို ဖြည့်ဆည်းသူများလည်း ရှိကြသည်။
ဗုဒ္ဓ၏ သံဃာ့အဖွဲ့စည်းတွင်လည်း အဖွဲ့ဝင်များ လိုက်နာကျင့်ဆောင်ရန် ချမှတ်ထားသော စည်ကမ်း ဥပဒေများ ရှိကြ၏။ ယင်းကို တာဝန်သိသိ ဆောင်ရွက်ကြ သူများလည်းရှိကြ၏။ မြတ်ဗုဒ္ဓ၏ ဆန္ဒတော်ကိုသိ၍ ယင်းဆန္ဒတော်ကို ပြည့်အောင် ဖြည့်ဆည်းကြသူများလည်း ရှိကြ၏။ ယင်းတို့အနက် အရှင်မဟာမောဂ္ဂလာန်၏ တာဝန်သိ၍ ဖြည့်ဆည်းပေးမှုကို ဖော်ပြပါမည်။
မြတ်ဗုဒ္ဓသည် သံဃာ့အဖွဲ့ဝင်များ လိုက်နာရန် စည်းကမ်းဥပဒေများ ပြဋ္ဌာန်းရာ ညွှန်ပြရာတွင် ဥပုသ်ပြုခြင်းသည်လည်း တစ်ခုအပါအ၀င် ဖြစ်သည်။ ဥပုသ်ပြုနေစဉ် `အာပတ် ရှိသောရဟန်းသည် ပါတိမောက်ကို မနာရ၊ နာသောရဟန်း ဒုက္ကဋ်အာပတ်သင့်စေ´ ဟု ချမှတ်ထား၏။ (၀ိ၊ ၄၊ ၄၂၄)
`သမုဒ္ဒရာသည် အသေကောင်ပုပ်နှင့် မဆက်ဆံ၊ သမုဒ္ဒရာ၌ အသေကောင်ပုပ်ရှိလျှင် ကမ်းသို့ ကပ်စေ, ကုန်းသို့ တင်စေသကဲ့သို့ ရဟန်းသံဃာသည် ယုတ်ညံ့သော, ရဟန်းယောင် ဆောင်ထားသော ဒုဿီလပုဂ္ဂိုလ်နှင့် မဆက်ဆံ၊ ၎င်းကို စည်းဝေး၍ နှင်ထုတ်၏။´
ဥပုသ်ပြုရာ၌ဖြစ်စေ၊ သာသနာတော် သန့်ရှင်းတည်တံ့ပြန်ပွားအောင် ဆောင်ရွက်ရာ၌ ဖြစ်စေ သာသနာ့ဂုဏ်ရောင် ညှိုးနွမ်းစေသူများကို စည်းဝေး၍ ဆန္ဒယူကာ ညီညီညွတ်ညွတ် နှင်ထုတ်ရမည်ဟု သာသနာ့အံ့ဖွယ် ဟောရာ၌လည်း တိုက်တွန်းညွှန်ပြခဲ့သည်။ ( ၀ိ၊ ၄၊ ၄၂၈)
မြတ်ဗုဒ္ဓ သာဝတ္ထိပြည် ပုဗ္ဗာရုံကျောင်း၌ သီတင်းသုံးနေစဉ် ဥပုသ်နေ့တစ်နေ၀ယ် ဥပုသ်ပြုရန် မြတ်ဗုဒ္ဓနှင့် ရဟန်းသံဃာတို့ စုဝေးနေကြသည်။ ညဥ့်သုံးယံလွန်သော်လည်း ဥပုသ်မပြုသောကြောင့် အရှင်အာနန္ဒာက လျှောက်ထားရာ `ပရိသတ်မစင်ကြယ်´ ဟု မြတ်ဗုဒ္ဓမိန့်တော်မူသည်။
အရှင်မဟာမောဂ္ဂလာန်သည် ရဟန်းသံဃာတို့၏စိတ်ကို မိမိ၏ ဣဒ္ဓိပါဒ်စိတ်ဖြင့် နှလုံး သွင်းကြည့်သည်။ `ယုတ်ညံ့သောအကျင့်ရှိ မစဉ်ကြယ်သည်ဖြစ်၍ ယုံမှားတွေးတောဖွယ် အကျင့်လည်းရှိ, အပြစ်ဖုံးကွယ်, ရဟန်းမဟုတ်ဘဲ ရဟန်းဟုဝန်ခံ, အတွင်းပုပ်, ကိလေသာစိုစွတ်, သီလမရှိသော ဒုဿီလရဟန်း, သံဃာ့အလယ် ထိုင်နေသည်ကို တွေ့မြင် ၍ ၎င်းထံသွားကာ `ငါ့ရှင် - ထလော့ မြတ်စွာဘုရားက သင့်ကိုမြင်သည်၊ သင်သည် ရဟန်းကောင်းတို့နှင့်တကွ ပေါင်းသင်းခွင့်မရှိ´ ဟု ပြောသည်။ သို့သော် ဒုဿီလရဟန်းသည် မထဘဲပေကပ်၍ ဆိတ်ဆိတ်ပင်ထိုင်နေသည်။
အရှင်မဟာမောဂ္ဂလာန်သည် နှစ်ခါသုံးခါ ထပ်ပြောသည်လည်း မထဘဲ နေသော ကြောင့် လက်မောင်းမှ ကိုင်ကာ တံခါး အပြင်ဘက်သို့ ဆွဲထုတ်နှင်ချခဲ့သည်။ `ပရိသတ် စင်ကြယ်ပါပြီ´ ဟုလျှောက်သောကြောင့် မြတ်ဗုဒ္ဓသည် `အံ့ဖွယ်ရှိစွ မောဂ္ဂလာန်´ ဟု မိန့်ကာ သာသနာတော်ကို သမုဒ္ဒရာနှင့်နှိုင်းယှဉ်ပြီး ဟောတော်မူ၍ ပါတိမောက် ပြတော်မူသည်။ ( ၀ိ၊ ၄၊ ၄၁၈, ၄၂၄)
စပါးကောင်းကောင်း ထွက်စေလိုသူသည် မိမိလယ်၌ စပါးပင်များနှင့်အတူ ကပ်ပေါက် နေသော ပေါင်းပင်, မြတ်ပင်စသည့် စပါးမျှောပင်များကို သုတ်သင် ပစ်သကဲ့သို့ သံဃာ့ အဖွဲ့ အစည်းတွင် ရဟန်းကောင်း၊ ရဟန်းမြတ်များသာရှိနေစေလိုသော ရှင်ရဟန်းသည် ဒုဿီလ ရဟန်းများကို နှိမ်နင်းသုတ်သင်ကာ သံဃာ့အဖွဲ့အစည်းကို စဉ်ကြယ်သန့်ရှင်းအောင် စွမ်းဆောင်ကြရမည်ဖြစ်ကြောင်း အရှင်မဟာမောဂ္ဂလာန်က မီးမောင်းထိုးပြ ထားခဲ့သည်။
အရှင်မဟာယသထေရ်သည် အဓမ္မ၀တ္ထုဆယ်ပါးကို တင်ပြကာ ကျင့်သုံးနေကြသော ၀ဇ္ဇီရဟန်းများကို ဓမ္မ၀ိနယ၀ါဒီ ရဟန်းတော်များနှင့်အတူ ဓမ္မ၀ိနယနှင့်အညီ ဆုံးမဟောပြော၍ သာသနာတော် သန့်ရှင်းတည်တံ့ ပြန့်ပွားအောင် ဆောင်ရွက်တော်မူခဲ့သည်။ ဒုတိယသင်္ဂါ ယနာကိုလည်း ဦးဆောင်ကျင်းပပေးခဲ့သည်။
အရှင်မဟာ မောဂ္ဂလိပုတ္တတိဿထေရ်သည်လည်း အဓမ္မ, အ၀ိနယ၀ါဒငါးရာကို စိစစ် ခွဲခြား၍ ကထာဝတ္ထုဒေသနာကို ဟောပြောကာ တတိယသင်္ဂါယနာတင်ပြီး သာသနာတော် သန့်ရှင်းတည်တံ့ ပြန့်ပွားအောင် စွမ်းဆောင်တော်မူခဲ့သည်။ အလဇ္ဇီ ဒုဿီလပုဂ္ဂိုလ် တို့ကိုသည်လည်း သာသနာတော်မှ နှင်ထုတ်တော်မူခဲ့သည်။
မြန်မာနိုင်ငံတော် ရန်ကုန်မြို့ သီရိမင်္ဂလာ ကမ္ဘာအေးကုန်းမြေ၌ ၁၉၈၀- ပြည့်နှစ် မေလတွင် ဂိုဏ်းပေါင်းစုံ သံဃာ့အစည်းဝေးပွဲကြီး ဖြစ်ပေါ်ခဲ့သည်။ ယင်းအစည်းဝေးပွဲကြီးက ၀ိနည်းဓမ္မကံ၊ အဓိကရုဏ်းမှုခင်းများ ဖြေရှင်းရေးဆိုင်ရာ ဥပဒေများ၊ လုပ်ထုံးလုပ်နည်းများကို ရေးဆွဲအတည်ပြုခဲ့သည်။
`၀ိနည်းဓမ္မကံ အဓိကရုဏ်းမှုခင်းကိုဖြစ်စေ၊ အယူခံစောဒနာမှုခင်းကိုဖြစ်စေ, လုပ်ထုံး လုပ်နည်းများနှင့်အညီ ဖွဲ့စည်းထားသည့် သံဃ၀ိနိစ္ဆယအဖွဲ့များနှင့် သီးခြားဝိနည်းဓိုရ်အဖွဲ့ များကသာ ၀ိနည်းတရားတော်နှင့်အညီ စစ်ဆေးဆုံးဖြတ်ရမည်´ ဟူသော ဥပဒေသည် ပုဒ်မ(၃)တွင် ပါရှိသည်။ ယင်းသည် ပြည်သူ့လွှတ်တော်က ပြဋ္ဌာန်းခဲ့သော ဥပဒေဖြစ်သည်။ ဓမ္မစက်ဖြစ်သော ဥပဒေနှင့်အညီ ရေးဆွဲထားခြင်းဖြစ်သည်။
ဂိုဏ်းပေါင်းစုံ သံဃာ့အဖွဲ့အစည်းကို ကိုယ်စားပြုသော နိုင်ငံတော် သံဃာ့မဟာ နာယက အဖွဲ့ကြီးသည် နိုင်ငံတော်အတွင်း ပေါ်ပေါက်ဖြစ်ပွားခဲ့သော ၀ိဝါဒါဓိကရုဏ်းများကို အရည်အခြင်း ပြည့်စုံတော်မူကြသော နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင်များထဲမှ သီးခြား ၀ိနည်းဓိုရ် ဆရာတော်များ ရွေးချယ်ဖွဲ့စည်းပြီး ငြိမ်းအေးအောင် ဆောင်ရွက်ခဲ့သည်။ ယင်းမှာ-
(၁) ကျောက်သင်္ဘောဝါဒ ၀ိဝါဒါဓိကရုဏ်း (၂၃- ၂- ၈၁)
(၂) လူသေလူဖြစ်ဝါဒ ၀ိဝါဒါဓိကရုဏ်း (၂၉- ၁၀- ၈၁)
(၃) ကြောင်ပန်းတောရ၀ါဒ ၀ိဝါဒါဓိကရုဏ်း(၂၆- ၄- ၈၂)
(၄) ကျောက်ပုံတောရ၀ါဒ ၀ိဝါဒါဓကရုဏ်း(၇- ၁၁- ၈၂)
(၅) ရေတာရှည်မြိုနယ် ဆွာ ဦးမာလာဝရ၀ါဒ ၀ိဝါဒါဓိကရုဏ်း(၁- ၄- ၈၃)
(၆) မိုးညို (မြောက်ဥက္ကလာပ)၀ါဒ ၀ိဝါဒါဓိကရုဏ်း (၄- ၇- ၈၁)
မြတ်ဗုဒ္ဓ စာတုမမြို့၌ သီတင်းသုံးစဉ် အရှင်သာရိပုတ္တရာနှင့် အရှင်မဟာမောဂ္ဂလာန် အမှူးရှိသော ရဟန်းငါးရာတို့ မြတ်စွာဘုရားကို ဖူးမျှော်ရန် စာတုမမြို့သို့ ရောက်ရှိလာကြသည်။ ၎င်းတို့နှင့် အာဝါသိကကျောင်းနေ ရဟန်းတို့ စကားပြောကြ, နှုတ်ဆက်ကြ, နေရာပြင်ကြ, သပိတ်သင်္ကန်း သိမ်းကြသော အသံတို့သည် ကျယ်လောင်ဆူညံ သွားကုန်၏။ ယင်းအသံများ မြတ်ဗုဒ္ဓ ကြားသောခါ `အာနန္ဒာ၊ ငါးစိမ်းသည် အသံကဲ့သို့ ကျယ်ကျယ်လောင်လောင် အသံပြုနေကြတာ ဘယ်သူတွေလဲ´ ဟု အရှင်အာနန္ဒာအား မေးတော်မူ၏။
အရှင်အာနန္ဒာက အကြောင်းစုံ လျှောက်ထားသောအခါ `အာနန္ဒာ၊ ငါ့စကားဖြင့် မြတ်စွာဘုရားက အရှင်ဘုရားတို့ကို ခေါ်နေတယ်လို့ ပြောချေ´ မြတ်ဗုဒ္ဓက မိန့်တော်မူ၏။
ရဟန်းတို့သည် မြတ်ဗုဒ္ဓထံ စုပေါင်းလာကြကာ မြတ်စွာဘုရားကို ရိုသေစွာရှိခိုး ထိုင်နေကြသည်။ မြတ်ဗုဒ္ဓမေးမှုကို မှန်ကန်စွာ ရိုရိုသေသေ ဖြေကြားလျှောက်ထားကြသည်။ `ရဟန်းတို့- ထွက်သွားကြ၊ သင်တို့ကို ငါနှင်တယ်, သင်တို့ ငါ့အနီးမနေကြနှင့်´ ဟု မြတ်စွာဘုရားက ရဟန်းတို့ကို နှင်ထုတ်လိုက်သည်။ ရဟန်းတို့လည်း `မှန်လှပါဘုရား´ဟု လျှောက်ထား၍ မြတ်စွာဘုရားကို အရိုအသေပေးကာ သပိတ်သင်္ကန်းယူပြီး ထွက်ခွါသွားကြ သည်။
`မြတ်စွာဘုရား--ရဟန်းတို့ကို နှစ်သက်တော်မူပါဘုရား, ဆုံးမဩ၀ါဒ ပေးတော်မူပါ ဘုရား, ချီးမြောက်တော်မူပါဘုရား၊ ရဟန်းသစ်များ ဖြစ်နေကြတဲ့အတွက် အရှင်ဘုရားကို ဖူးမြင်ခွင့်မရလျှင် ပျက်စီးသွားနိုင်ပါသည်ဘုရား၊ နုသေးတဲ့မျိုးစေ့ ရေမရတဲ့အခါ, မွေးစသာသာ နွားငယ် မိခင်ကိုမမြင်ရတဲ့အခါ ပျက်စီးဖောက်ပြန် သွားကြသလို ရဟန်းသစ်များလည်း မြတ်စွာဘုရားကို မမြင် မဖူးမြော်ရလျှင် ပျက်စီးဖောက်ပြန် သွားနိုင်ပါတယ်။
ဒါကြောင့် ရဟန်းများကို နှစ်သက်တော်မူပါ၊ ဆုံးမတော်မူပါ၊ ချီးမြှောက်တော်မူပါ ဘုရား´ ဟု စာတုမမြို့သားများနှင့် သဟမ္ပတိဗြဟ္မာမင်းက လျှောက်ထားကြသည်။
အရှင်သာရိပုတ္တရာနှင့် အရှင်မဟာမောဂ္ဂလာန်တို့သည် စာတုမမြို့သားများနှင့် သဟမ္ပတိဗြဟ္မာမင်းတို့ လျှောက်ထားမှုကြောင့် မြတ်စွာဘုရား နှစ်ခြိုက် သဘောကျတော်မူ ကြောင်း သိသောအခါ `ငါ့ရှင်တို့ ထကြလော့၊ သပိတ်သင်္ကန်း ယူကြသော၊ မြတ်စွာဘုရားထံ သွာကြစို့´ ဟု ရဟန်းတို့ကိုခေါ်ကာ မြတ်စွာဘုရားထံ သွားကြသည်။ ရဟန်းတို့သည် မြတ်စွာဘုရားထံ ပြန်လာကြသည်။ ရိုသေစွာ ရှိခိုးထိုင်နေကြသည်။
မြတ်စွာဘုရားက `သာရိပုတြာ-- ငါဘုရားက ရဟန်းတို့ကို နှင်ထုတ်တဲ့အခါ သင့်စိတ်ထဲ မှာ ဘယ်လို အကြံဖြစ်သလဲ´ ဟု အရှင်သာရိပုတြာကို မေးတော်မူသည်။
`အရှင်မြတ်ဘုရား-- မြတ်စွာဘုရားဟာ ရဟန်းအပေါင်းကို နှင်ထုတ်တော်မူပြီ။ ယခု အခါ မြတ်စွာဘုရားက ရဟန်းတို့အပေါ် ကြောင့်ကြမဲ့ပြုကာ ဒိဋ္ဌဓမ္မသုခဖြင့် နေလိုတယ်၊ နေလိမ့်မယ်၊ ငါလည်း ရဟန်းတို့အပေါ် ကြောင့်ကြမဲ့ပြုကာ ဒိဋ္ဌဓမ္မသုခနဲ့ နေမယ်လို့ တပည့်တော် စိတ်ထဲမှာ အကြံဖြစ်ပါတယ်ဘုရား´ ဟု အရှင်သာရိပုတြာက လျှောက်ထား သည်။
`သာရိပုတြာ-- ဆိုင်းငံ့ဦး သာရိပုတြာ-- ရဟန်းတို့အပေါ် ကြောင့်ကြမဲ့ပြုကာ ဒိဋ္ဌဓမ္မ သုခနဲ့ နေထိုင်ခြင်းကို ဆိုင်းငံ့ဦး´ ဟု မြတ်ဗုဒ္ဓက အရှင်သာရိပုတြာ၏ ကြံစည်လျှောက်ထားမှု ကို တားမြစ်တော်မူသည်။
မြတ်ဗုဒ္ဓသည် အရှင်မဟာမောဂ္ဂလာန်ကိုလည်း မေးမြန်းတော်မူသည်။ အရှင်မဟာ မောဂ္ဂလာန်က `မြတ်စွာဘုရားသည် ရဟန်းအပေါင်းကို နှင်ထုတ်တော်မူပြီ။ ယခုအခါ မြတ်စွာဘုရားက ရဟန်းတို့အပေါ် ကြောင့်ကြမဲ့နေကာ ဒိဋ္ဌဓမ္မသုခကို ၀င်စားနေလိုတယ်။ ဖလသမာပတ် ချမ်းသာကို ၀င်စားနေလိုတယ်။ ငါဟာ အရှင်သာရိပုတြာနှင့်အတူ ရဟန်း အပေါင်းကို ထိန်းသိန်းစောင့်ရှောက်မယ်လို့ အကြံအစည် ဖြစ်မိပါတယ်ဘုရား´ဟု လျှောက်ထားသည်။
`ကောင်းလေစွ မောဂ္ဂလာန်-- ကောင်းလေစွ။ ငါနဲ့သင်တို့ဟာ ရဟန်းအပေါင်းကို ထိန်း သိမ်းစောင့်ရှောက်မယ်´ ဟု အရှင်မဟာမောဂ္ဂလာန်ကို ကောင်းချီးပေးကာ သာဓုခေါ်တော် မူသည်။ ( မ၊ ၂၊ ၁၁၉- ၁၁၂)
အရှင်မဟာမောဂ္ဂလာန်သည် မြတ်စွာဘုရား၏ ရဟန်းတို့ကို ထိန်းသိမ်းစောင့်ရှောက် စေလိုသော ဆန္ဒ၊ ရဟန်းတို့ကို ဦးဆောင်ကာ သံဃာ့အဖွဲ့အစည်းကို တင့်တယ်ကောင်းမြတ် သန့်ရှင်းစင်ကြယ်စေလိုသော ဆန္ဒများကို သိတော်မူ၍ ရဟန်းအပေါင်းကို ဦးဆောင်ကာ သံဃာ့အဖွဲ့အစည်းကို တင့်တယ်ကောင်းမြတ် သန့်ရှင်းစင်ကြယ် စေခဲ့သည်။ ရဟန်းတို့ကို လည်း သနားစောင့်ရှောက် ထိန်းသိမ်းခဲ့သည်။
မြတ်ဗုဒ္ဓသည် သံဃာ့အဖွဲ့အစည်းနှင့် ရဟန်းတို့အပေါ် ကြောင့်ကြမဲ့နေမှုကို ရှုတ်ချ တော်မူခဲ့သည်။ တာဝန်သိသိဖြင့် တာဝန်ရှိသူပမာ ဂရုတစိုက်ကြောင့်ကြစိုက်၍ ပြုစုစောင့် ရှောက် ထိန်းသိမ်းမှုကိုသာ လိုလားတော်မူသည်။ နှစ်ခြိုက်တော်မူသည်။
နိုင်ငံတော် သံဃာ့မဟာနာယကအဖွဲ့သည် မြတ်ဗုဒ္ဓ၏ ဆန္ဒကို ပြည့်ပြည့်၀၀ ဖြည့် ဆည်း ဆောင်ရွက်တော်မူသည်။ အဓမ္မ၀ါဒများကို နှိမ်နင်း, မှေးမှိန်ပပျောက်စေ၍ တောက်ပ ထိန်လင်းအောင် ချီးမြှောက်ပေးသည်။ အလဇ္ဇီ ဒုဿီလရဟန်းများကို ဖယ်ရှားပျောက်ကွယ် စေ၍ လဇ္ဇီသီလ၀န္တရဟန်းတို့ကို မြှောက်စားသည်။ ကြီးပွားစေသည်။
မြတ်ဗုဒ္ဓ၏ သံဃာ့အဖွဲ့အစည်းကို ဦးဆောင်ကာ သာသနာတော်သန့်ရှင်း တည်တံ့ပြန့် ပွားအောင် အားကြိုးမာန်တက် ထမ်းရွက်လျက် သာသနာ့ဂုဏ်ရောင် ထွန်းပြောင် တောက်ပ စေပြီး မြန်မာ့ကြက်သရေကိုလည်း ထိန်း, ဝေ, တောက်, ရွှန်း, လှပ, စေပါသည်။
ထို့ကြောင့် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့သည် မြတ်ဗုဒ္ဓ၏ သံဃာ့အဖွဲ့အစည်း နှင့်အတူ မြင့်မြတ်,စံပြုထိုက်သည့် အဖွဲ့အစည်းအဖြစ် ကမ္ဘာ့အဖွဲ့အစည်းအလယ်ဝယ် တင့်တယ်, လှပနေမည်ဖြစ်ပါသည်။ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ကြီးသည် မြတ်ဗုဒ္ဓ သံဃာ့အဖွဲ့အစည်းနှင့်အတူ ငွေရတုမှသည် ရတုများစွာ သန့်ရှင်း, တည်တံ့, ပြန့်ပွားနိုင် ပါစေ...။
(ချမ်းသာကြီးဆရာတော်)
(နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ငွေရတု အထိမ်းအမှတ်စာစောင်မှ)