Tuesday, June 22, 2010

ဒိဋ္ဌဓမ္မဝေဒနီယကံ

မြတ်စွာဘုရား၏ အဘိဓမ္မာတရားတော်တွင် ဒိဋ္ဌဓမ္မဝေဒနိယကံခေါ် မျက်မှောက်ဘ၀တွင် ပြုလုပ်ပြီ ဤဘ၀တွင်ပင် အကျိုးပေးသောကံသည် ပထမဇော စေတနာ၏ အကျိုးပေးဖြစ်သောကြောင့် အားနည်းသည်ဟု မှတ်သားနာယူရပါသည်။ ဘုရားရှင်လက်ထက် က မဟာဒုက်စသူတို့ အကျိုးပေးကောင်းရခြင်းမှာ အလှူခံပုဂ္ဂိုလ်တို့၏ မြင့်မြတ်ခြင်းစသော အထောက်အပံ့တို့ကြောင့် ဖြစ်သည်ဟု သိရပါသည်။
ယနေ့ လူငယ်အများစုသည် ချက်ချင်းအကျိုးပေးသောကံကို စိတ်ဝင်စားကြပါ၏။ ထို့ကြောင့် ယခုဘ၀တွင် အကျိုးပေးခွင့်ရကြသော ကံများအနက် ဒိဋ္ဌကမ္မကံမြောက်စေသော အမှုမျိုးကို မည်သို့ ကျင့်ကြံအားထုတ်သင့်ကြောင်း နားလည်သဘောပေါက်လိုကြပါသည်။ ထိုလူငယ်များတွင် ကျွန်တော်တို့လည်း ပါဝင်ကြပါသည်ခင်ဗျား။ အဖြေများကို စောင့်မျှော်နေကြပါသည်။
မောင်ငယ်နှင့် သူငယ်ချင်းများ

`တတ္ထ ဧကဇ၀န၀ီထိယံ သတ္တသု စိတ္တေသု ကုသလာဝါ အကုသလာဝါ ပထမဇ၀နစေတနာ ဒိဋ္ဌဓမ္မဝေဒနီယကမ္မံ နာမ။ တံ ဤမသ္မိံယေ၀ အတ္တဘာဝေ ၀ိပါကံ ဒေတိ၊ ကာက၀ဠိယ-ပုဏ္ဏသေဋ္ဌီနံ ၀ိယ ကုသလံ၊ နန္ဒယက္ခ-နန္ဒမာဏ၀က-နန္ဒဂေါဃာတက-ကောကာလိယ-သုပ္ပဗုဒ္ဓ-ဒေ၀ဒတ္တ-စိဉ္စမာဏ၀ိကာနံ ၀ိယ စ အကုသလံ။ တထာ အသက္ကောန္တံ ပန အဟောသိ ကမ္မံ နာမ ဟောတိ၊ အ၀ိပါကံ သမ္ပဇ္ဇတိ။ (အံ၊ဋ္ဌ၊၂။ ၁၀၄)
`ထိုတွင် တစ်ခုသောဇောဝီထိ၌ ခုနစ်ကြိမ်သော ဇောစိတ်တို့တွင် ကုသိုလ်ဖြစ်စေ၊ အကုသိုလ်ဖြစ်စေ ရှေးဦးစွာဖြစ်သောဇောစေတနာသည် ဒိဋ္ဌဓမ္မဝေဒနီယကံမည်၏။ ထိုကံသည် ဤမျက်မှောက်အတ္တဘော၌သာလျှင် အကျိုးကို ပေး၏။ ကုသိုလ်အရာ၌ ကာက၀ဠိယသူဋ္ဌေး ပုဏ္ဏသူဋ္ဌေးတို့ကဲ့သို့၊ အကုသိုလ်အရာ၌ (၁)နန္ဒဘီလူး၊ (၂)နန္ဒလုလင်၊ (၃)နန္ဒနွားသတ်သမား၊ (၄)ကောကာလိယ၊ (၅)သုပ္ပဗုဒ္ဓ၊ (၆)ဒေ၀ဒတ်၊ (၇)စိဉ္စမာဏ၀ိကာ-တို့ကဲ့သို့တည်း။ ထိုကဲ့သို့ အကျိုးပေးခြင်းငှါ မစွမ်းနိုင်သော် အဟောသိကံ-မည်၏။ အကျိုးမပေးတော့။´
သင်္ဂြီုဟ်ဘာသာဋီကာမှ ထုတ်နှုတ်ပြဆိုပါဦးမည်။
အကျိုးပေး အရင်ကျပုံ။ ။`ဤဒိဋ္ဌဓမ္မဝေဒနီယအမည်ရသော ပထမဇောစေတနာသည် ဇောခုနစ်ကြိမ်တွင် အစဆုံးဖြစ်ရသည့်အတွက် မိမိရှေ့က အာသေ၀နသတ္တိဖြင့် ထောက်ပံ့ကူညီချက်ကို မရသောကြောင့် နောက်ဒုတိယ တတိယစသော ဇောစေတနာများလောက် အားမကောင်းချေ၊ အားမကောင်းသည့်အတွက်ကြောင့်ပင် အခြားဇောများကဲ့သို့ ပဋိသန္ဓေကျိုးကို ရွက်ဆောင်၍ ဘ၀တစ်မျိုးဖြစ်အောင် မထူထောင်နိုင်ဘဲ ယခုဘ၀၌ အဟိတ် ကုသလ၀ိပါက်၊ အကုသလ၀ိပါက်များနှင့် ကမ္မဇရုပ်တရား၊ ကံလျှင်အရင်းခံရှိသော ဥတုဇရုပ်တရားဟူသော အဟိတ်အကျိုးများကိုသာ ဖြစ်ထွန်းစေနိုင်သည်။
ဒိဋ္ဌဓမ္မကျိုး မကြီးကျယ်။ ။ယခုကာလ၌ ချက်ခြင်း သူဋ္ဌေးဖြစ်သွားမှု၊ ချက်ခြင်းမြေမျိုမှု၊ လျှာပြတ်မှုများကို အင်မတန်ကြီးကျယ်သော အကျိုးအပြစ်များဟု မှတ်ထင်ကြ၏။ ချက်ခြင်းသူဋ္ဌေးဖြစ်မှုနှင့် ပဋိသန္ဓေသစ် ထူထောင်၍ နတ်ပြည်၌ ဖြစ်ရမှု နှစ်မျိုးကို စဉ်းစားကြည့်လျှင် အလွန်ကွာခြားကြောင်း ထင်ရှား၏။ ချက်ခြင်းသူဋ္ဌေးဖြစ်မှုသည် ဒိဋ္ဌဓမ္မအကျိုးတည်း၊ ပဋိသန္ဓေသစ်ကို ထူထောင်၍ နတ်ပြည်၌ ဖြစ်ရမှုကား ဥပပဇ္ဇဝေဒနီယ အပရာပရိယဝေဒနီယ တစ်မျိုးမျိုး၏ အကျိုးတည်း၊ ဤသို့လျှင် ဒိဋ္ဌဓမ္မဝေဒနီယကံသည် ဥပပဇ္ဇဝေဒနီယ စသည်ကဲ့သို့ သဟိတ်ပဋိသန္ဓေကျိုးကို မပေးနိုင်ဘဲ (နောက်တစ်ဆင့် မျိုးစေ့ရဖို့ အသီးမသီးဘဲ၊ အပွင့်မျှသာ ပွင့်သကဲ့သို့ ) အဟိတ်ဝိပါက်ဖြစ်သော ပ၀တ္တိကျိုးမျှကိုသာ ပေးနိုင်သည်။ ဤအဓိပ္ပါယ်ကို ရည်ရွယ်၍ ဋီကာတို့၌ `သာ-ထိုဒိဋ္ဌဓမ္မဝေဒနီယကံသည်၊ ဣဓေ၀-ဤပစ္စုပ္ပန်ဘ၀၌သာလျှင်၊ ပုပ္ဖမတ္တံဝိယ- အပွင့်မျှကိုကဲ့သို့၊ ပ၀တ္တိဝိပါကမတ္တံ- ပ၀တ္တိကျိုးမျှဖြစ်သော၊ အဟေတုကဖလံ- အဟိတ်အကျိုးကို၊ ဒေတိ-ပေး၏´ ဟု မိန့်ဆိုကြသည်။
အကူအညီရမှ ဒိဋ္ဌဓမ္မအကျိုးပေး။ ။ ဤပထမစေတနာသည် ထိုမျှလောက်သော ပ၀တ္တိအကျိုးကလေးကိုပင် အကြောင်းအထောက်အပံ့များစွာ စုံမှပေးနိုင်သည်ဟု ဖွင့်ကြ၏။ ချဲ့ဦးအံ့- ဤပထမဇောစေတနာသည် အာသေ၀နပစ္စည်းကို (ရှေးရှေးဇောမှ ကျေးဇူးပြုမှုကို) မခံရသည့်အတွက် အလွန်အားသေးရကား `ပဋိပက္ခေဟိ အနဘိဘူတတာယ- ဆန့်ကျင်ဘက်တို့ မလွှမ်းမိုးပါမှ (ကုသိုလ်ဖြစ်လျှင် ဆန့်ကျင်ဘက် အကုသိုလ်တို့က မလွှမ်းမိုး မနှိပ်စက် မနှောင့်ယှက်ပါမှ) ဒိဋ္ဌဓမ္မကျိုးကို ပေးနိုင်သည်။ ပစ္စယ၀ိသေသေန - အကြောင်း အထောက်အပံ့ အထူးအားဖြင့်၊ ပဋိလဒ္ဓ၀ိသေသတာယ - ရအပ်သော အကြောင်းထူးလည်း ရှိပါမှ (ဂတိ-ကာလ-ဥပဓိ-ပယောဂ-ဟူသော လေးချက်က ကုသိုလ်အရာ၌ သမ္ပတ္တိဖြစ်၍၊ အကုသိုလ်အရာ၌ ၀ိပတ္တိဖြစ်ပါမှ) အထိုက်အလျောက် အားရှိသည်။ တာဒိသဿ- ထိုပထမဇော အားရှိလောက်သော သဘောရှိသော၊ ပုဗ္ဗာဘိသင်္ခါရဿ- ပုဗ္ဗာဘိသင်္ခါရ၏၊ (ဆန္ဒရှိလျှင် ဒီအမှုမျိုး ဘာကြောင့်မဖြစ်နိုင်ဘဲ ရှိအံ့နည်း-ဟု ဤသို့ နောက်နောက်စိတ် ထက်သန်အောင် ရှေးအဖို့က ပြုပြင်မှု၏)၊ ၀သေန - အစွမ်းသတ္တိကြောင့်၊ သာတိသယာ- လွန်ကဲသော သတ္တိရှိပါမှ (ထိုပုဗ္ဗာဘိသင်္ခါရအတွက် သတ္တိတိုးတက်လာသည်၊ ထိုကဲ့သို့ သတ္တိတိုးတက်လာမှ) အကျိုးပေးနိုင်သည်´ဟူလို။
သည်သာမကသေး။ ။ ဂုဏ၀ိသေသယုတ္တေသု- ဂုဏ်အထူးနှင့် ယှဉ်သော ဘုရား ရဟန္တာ၊ အနာဂါမ်စသော ပုဂ္ဂိုလ်တို့၌၊ ဥပကာရာပကာရ၀သပ္ပ၀တ္တိယာ - ကျေးဇူးပြုခြင်း၊ ကျေးဇူးမဲ့ကို ပြုခြင်း၏ အစွမ်းဖြင့် ဖြစ်ပါမှ (မဟာဒုက်သည် ကဿပဘုရားရှင်အား ဆွမ်းလှူသောအားဖြင့် ကျေးဇူးပြုသလို၊ နန္ဒလုလင်သည် ဥပ္ပလ၀ဏ်ထေရီမ၌ ကျေးဇူးမဲ့ကို ပြုသလို၊ ဂုဏ်ထူးရှိသောပုဂ္ဂိုလ်များ၌ ကောင်းမှု မကောင်းမှုကို ပြုသောစေတနာမျိုးသာ) ဒိဋ္ဌဓမ္မကျိုးကို ပေးသည်။ [ဤ `ဂုဏ၀ိသေသယုတ္တေသု´စသော စကားသည် အမြဲမဟုတ်၊ နန္ဒနွားသတ်သမားသည် ဂုဏ်ထူးမရှိသော နွား၏ လျှာကိုဖြတ်မှုကြောင့် ရှေးရှေးက နွားသတ်သော အကုသိုလ်တွေက ထောက်ပံ့သဖြင့် ဒိဋ္ဌဓမ္မကျိုးကို ခံစားရလေသည်။] ဤသို့လျှင် ပထမဇောစေတနာသည် ပ၀တ္တိအကျိုးကလေးကိုပင် အကြောင်းအထောက်အပံ့ တွေ အတော်စုံညီမှ ပေးနိုင်သည်။
ဒါန၏ ဒိဋ္ဌဓမ္မအကျိုး။ ။ ဓမ္မပဒ သုခသာမဏေ၀တ္ထု၌ ၁။ ၀တ္ထုသမ္ပဒါ - (အနာဂါမ် သို့မဟုတ် ရဟန္တာဖြစ်၍ အလှူခံပုဂ္ဂိုလ်ဟူသော) ၀တ္ထု၏ ပြည့်စုံခြင်း၊ ၂။ စေတနာသမ္ပဒါ- အလှူရှင်က စေတနာထက်သန်ခြင်း၊ ၃။ ပစ္စယသမ္ပဒါ- (တရားသဖြင့် ရှာဖွေ၍ ရအပ်သော လှူဖွယ်ဝတ္ထုဖြစ်သဖြင့်) ပစ္စည်း၏ ပြည့်စုံခြင်း၊ ၄။ ဂုဏာတိရေကတာ- (အလှူခံပုဂ္ဂိုလ်က နိရောဓသမာပတ်မှ ထပြီးခါစဖြစ်၍) လွန်ကဲသော ဂုဏ်နှင့်ပြည့်စုံခြင်း=ဟု ဒိဋ္ဌဓမ္မအကျိုးပေးဖို့ ရာ အကြောင်းလေးမျိုးလာသေး၏။ ထိုအကြောင်းကား - ဒါန၏ ဒိဋ္ဌဓမ္မအကျိုးပေးရာနှင့်သာ ဆိုင်သည်။ အခြားကုသိုလ် အကုသိုလ်တို့နှင့် မဆိုင်။
ဇနက ဥပတ္ထမ္ဘကနှင့် သာမန်ဒိဋ္ဌိဓမ္မကျိုး။ ။`ဒိဋ္ဌဓမ္မကျိုးကို ဇနကသတ္တိဖြင့်ပေးရာ၌ ဤ ပထမဇောကသာ ပေးနိုင်သည်၊ ကံတစ်ပါးကိုထောက်ပံ့ရာ၌ကား ဇော ၇ ကြိမ်လုံးပင် ထောက်ပံ့နိုင်ကြ၏´ဟု ဖွင့်ဆိုကြ၏၊ ထို့ကြောင့် `ကျမ်းဦးအစ၌ ကျမ်းပြုပုဂ္ဂိုလ်နှင့်စာချ စာသင်ပုဂ္ဂိုလ်များ၏ ပဏာမစေတနာသည် အန္တရာယ်ကိုကာကွယ်နိုင်သည်´ဟုဆိုရာ၌ အချို့ဋီကာများဝယ် `ဇနကသတ္တိဖြင့် ပထမဇောက ကာကွယ်သည်´ ဟုဆို၏၊ အချို့ဋီကာများ၌ `ခန္ဓာအစဉ်ဝယ် အန္တရာယ်မရောက်နိုင်အောင် ရှေးကံ၏ အကျိုးဝိပါက် အစဉ်ကို ဥပတ္ထမ္ဘကကသတ္တိဖြင့် ထောက်ပံ့ထားသည်´ ဟုဖွင့်ကြ၏ ၊ ထို့ပြင်- `ဤ ဒိဋ္ဌဓမ္မဝေဒနီယကံသည် ပစ္စုပ္ပန်ဘ၀၌ မထင်မရှား မသိမသာ အကျိုးပေးသည်လည်းရှိ၏´ ဟုဆိုကြ၏ ၊ ဥပမာ - ကုသိုလ်ကောင်းမှု ပြုသည့်အတွက် ဂုဏ်သတင်းထွက်ခြင်း´ ဘုန်းကံကြီးခြင်း ရောင်းဝယ်ကောင်းခြင်း၊ အကုသိုလ်ပြုသည်အတွက် မင်းပြစ်မင်းဒဏ် သင့်ခြင်း စသည်များကို ဒိဋ္ဌဓမ္မဝေဒနီယကံ၏အကျိုး - ဟုပြောဆိုကြ၏၊ ဤအရာမျိုး၌ `ပထမဇော စေတနာ၏ ဒိဋ္ဌဓမ္မအကျိုးဟုလည်းကောင်း၊ `ရှေးကုသိုလ် အကုသိုလ် အကျိုးပေးခွင့်ရအောင် ယခုဘ၀ ကုသိုလ် အကုသိုလ်ကံက ဥပတ္ထမ္ဘကသတ္တိဖြင့် ထောက်ပံ့ခြင်းဟုလည်းကောင်း၊ ဘုရားရှင်မှတစ်ပါး အခြားပုဂ္ဂိုလ်တို့ ခွဲခြားနိုင်ဖို့ ခဲယဉ်းပေလိမ့်မည်။ အဋ္ဌကထာ ဋီကာကြီးတို့၌ကား အထင်အရှား အကျိုးပေးသော အရာများ၌သာ ဒိဋ္ဌဓမ္မဝေဒနီယကံဟု ဖွင့်ကြသည်။ (ဘာဋီ- ၃၅၂-၃၅၄)
အထက်၌ အကုသိုလ်ကံအရာတွင် ဒိဋ္ဌဓမ္မအကျိုးခံစားရသူ ခုနစ်ယောက် ထုတ်ပြသကဲ့သို့ ကုသိုလ်ကံအရာတွင်လည်း ဒိဋ္ဌဓမ္မအကျိုးရသူ (၁) သုမန ပန်းသည်၊ (၂)ဧကသာဋက ပုဏ္ဏား၊ (၃) ပုဏ္ဏ သူရင်းငှါး၊ (၄) မလ္လိကာ မိဖုရား၊ (၅) ဂေါပါလမာတာ မိဖုရား၊ (၆) သုပ္ပိယာ ဥပါသိကာမ၊ (၇) ပုဏ္ဏာမည်သော ကျွန်မ- ဟု ခုနစ်ယောက်ရှိကြောင်း မိလိန္ဒပဉှာတွင် ထုတ်ပြထား၏။
ဒိဋ္ဌဓမ္မဝေဒနီယကံအတွက် အကျဉ်းမှတ်ရန် လင်္ကာမှာ=
`ထို့ပြီ့းတ၀၊ လှူဒါန၌၊ ပစ္စယ ဓမ္မိယာ၊ စေတနာမဟတ်၊ သမ္ပတ်ဝတ္ထု၊ ဂုဏ်လွန်မှုဖြင့်၊ စတုအင်္ဂါ၊ ညီတုံပါက၊ ပစ္စက္ခ၀ယ်၊ ပထမစေတနာ၊ ကျိုးပေးစွာ၏။
`သုံးဖြာဒွါရ၊ ပဏာမမူ၊ ဂုဏပသာဒ၊ ဤရွေ့မျှတည့်၊ ခေတ္တအဇ္ဈာ၊ သမ္ပဒါနှစ်ဝ၊ ဒုဝင်္ဂဖြင့်၊ ဒိဋ္ဌဓမ္မ၊ အကျိုးရရှင့်။´ (မဃဒေ၀၊ ၃၁၉)
ဤမျှဆိုလျှင် ဒိဋ္ဌဓမ္မဝေဒနီယံကံအကြောင်း ပြည့်စုံစွာ သိနိုင်လောက်ပြီဟု ယူဆပါသည်။ ရဟန္တာပုဂ္ဂိုလ်များ ပေါများပြီး အလှူရှင်များ အကျိုးများအောင် နိရောဓသမာပတ် ၀င်စားပြီးမှ ဆွမ်းခံကြွလေ့ရှိသော အရှင်မဟာကဿပစသော မထေရ်ကြီးများ ရှိခဲ့သော ဘုရားရှင်လက်ထက်ကပင် (အကြောင်းအထောက်အပံ့များ ပြည့်စုံဖို့မလွယ်သဖြင့်) ဒိဋ္ဌဓမ္မအကျိုးရသူ ခုနစ်ယောက်သာ ရှိခဲ့ရာ ရဟန္တာပုဂ္ဂိုလ်နှင့် တွေ့ကြုံရဖို့ မလွယ်ကူသော ဤခေတ်တွင် ဒိဋ္ဌဓမ္မအကျိုးရဖို့ မလွယ်ကူသည့် အနေအထားရှိပါသည်။
အလှူ၏ အကျိုးကိုပင် မျှော်ကိုးမနေဘဲ လွတ်လွတ်စွန့်လှူနိုင်သည့် ပါရမီမြောက် ဒါနများ ပြုကျင့်နိုင်ကြပါစေ။

အရှင်ကောဝိဒ (ယော)

0 comments:

Post a Comment