Thursday, July 22, 2010

နတ်နှင့်ငရဲ ဘယ်မှာလဲ

မြန်မာပြည်တွင် ပေါ်ခဲ့ဘူးသမျှ မိစ္ဆာဝါဒများတွင် များစွာသော မိစ္ဆာဝါဒများသည် နတ်ပြည်, ဗြဟ္မာပြည်, ငရဲပြည်များကို ပစ်ပယ်ကြ၏။ ထိုဘုံထိုဘ၀များသည် ကုသိုလ်,အကုသိုလ်ကံတို့၏ အကျိုးဝိပါက်များဖြစ်၍ ထိုဘုံ ထိုဘ၀များကို ပယ်ခြင်းသည် ကံ၏အကျိုးကို ပစ်ပယ်သည်နှင့် တူ၏။ ကံ၏ အကျိုးကို ပစ်ပယ်လျှင် `၀ိပါကံ ပဋိဗာဟေန္တေနာပိ ကမ္မံ ပဋိဗာဟိတံ ဟောတိ။´ (ဒီ၊ဋ္ဌ၊၁၊၁၅၀) -ဟူသည့်အတိုင်း ကံကိုလည်း ပစ်ပယ်ရာရောက်၏။ ကံနှင့် ကံ၏အကျိုးကိုမျှ လက်မခံလျှင် ထိုပုဂ္ဂိုလ်များကို ဗုဒ္ဓဘာသာဝင်ဟု ဆိုနိုင်ပါဦးမည်လော။
ထိုပုဂ္ဂိုလ်များ၏ ရေးသားဟောပြောချက်များကို ဖော်ပြလိုပါသည်။
`လက်တွေ့ဖြစ်သော လူနှင့်တိရစ္ဆာန်ကို ပဓာနအခြေခံအဖြစ်ဖြင့် မူတည်၍ ထားခဲ့ကြကုန်၏။ တိရစ္ဆာန်ကို အခြေပြု၍ ပြိတ္တာ အသုရကာယ်နှင့် ငရဲသတ္တ၀ါဟူ၍ ထပ်မံခွဲခြားကြပြန်လေသည်။ ဤသုံးမျိုးကား မျက်တွေ့လက်တွေ့ မဟုတ်ဘဲ (၀ါ) စိတ်ကူးယဉ်တို့သာ ဖြစ်ကုန်၏။´ (လူသေလူဖြစ်-၁၁)
`ကောင်းကင်သို့ ကြည့်တဲ့ မှန်ပြောင်းကြီးများကို တီထွင်အသုံးပြုလိုက်သည်နှင့် တစ်ပြိုင်နက် ရှေးလူတို့ အမှန်ယုံကြည်ခဲ့ကြသော နတ်ပြည်ဗြဟ္မာပြည်ဆိုတဲ့ ကောင်းကင် ဘုံနန်းတွေဟာ နေရောင်တွေကြောင့် ဆီးနှင်းပေါက်ကဲ့သို့ တစ်ခုပြီးတစ်ခု ဆက်ကာဆက်ကာ ကွယ်ပြောက်၍ သွားကြရှာလေပြီ။´ (လူသေလူဖြစ်-၉၉-၁၀၀)
`နတ်ဗြဟ္မာသိကြားတို့ဟာ မုချအားဖြင့် စိတ်ကူးနယ်ပယ်အတွင်း၌သာ အသက်ဝင် နိုင်သော သတ္တ၀ါများ ဖြစ်ကြလေကုန်သတည်း´ (လူသေလူဖြစ်-၁၅၅)
`ဤဘ၀ ထိုဘ၀ နောင်ဘ၀အဆက်ဆက်နှင့်တကွသော နတ်ပြည် ဗြဟ္မာ့ပြည် ငရဲပြည် အသုရကာယ်ပြည်တို့သည် ဥပါဒါန်အတွေးနယ်ထဲ စိတ်ကူးယဉ်နယ်ထဲမှာသာ ရှိချေသည်။´ (၃၁-ဘုံဝါဒ ဗုဒ္ဓလက်မခံ- ၂၁၀)
`တန်ခိုးပြာဋိဟာတို့ကိုလည်းကောင်း၊ နတ်ဆိုးနတ်ဝါးနှင့် နတ်ကောင်းနတ်မြတ် တို့ကိုလည်းကောင်း၊ နတ်ပြည်ဗြဟ္မာ့ပြည်နှင့် ယမမင်း၏ အင်ပါယာနိုင်ငံတော်ကြီးများကို လည်းကောင်း ယုံကြည်မှုသည် လူသား၏ ဦးဏှောက်ကို ဖောက်ပြန်ချောက်ချားစေ၍ ဤကပ္ပါလောကကြီးကို အရူးထောင်အဖြစ်သို့ ရောက်စေခဲ့သည်။´ (အစွဲပြုတ် တဲကုတ်ရွှေနန်းတော်- ၅၄)
`နတ်ပြည်သို့ ရောက်ရေးအတွက် ဒါနများကို မလုပ်ပါက ငရဲများနှင့် ကြုံတွေ့ရပြီး နစ်နာမှုရှိတတ်သလို၊ နတ်ပြည်ဗြဟ္မာ့ပြည်ဟူ၍ တသီးတခြား မရှိပါဘဲနှင့် မရှိသည့်အလုပ်ကို ငွေကုန်ကြေးကျ အပင်ပန်းခံပြီး လုပ်နေပါကလည်း သစ်ခြောက်ပင်ကို ရေလောင်းသည့်ပမာ အသက်ထက်ဆုံး ဒုက္ခနှင့်သာ ကြုံတွေ့သွားနိုင်သည်။´ (နတ်နှင့်ငရဲ ဘယ်မှာလဲ- ၁၀)
အထက်ပါ ကောက်နှုတ်ချက်များသည် ၁၃၄၃ (၁၉၈၁) -ခုနှစ်က အဓမ္မ၀ါဒ၊ မိစ္ဆာဝါဒများအဖြစ် ဆုံးဖြတ်ခဲ့သော လူသေလူဖြစ်ဝါဒ၊ သမ္မာဒိဋ္ဌိသုတေသန၀ါဒ၊ ရွှေအဘိဓမ္မာဝါဒ- အမည်ခံကြသော ရှင်ဥက္ကဋ္ဌနှင့် အပေါင်းအပါများ ရေးသားထုတ်ဝေ ခဲ့ဘူးသော စာအုပ်များမှ ဖြစ်၏။
ဦးအေးမောင်၏ `ဗုဒ္ဓနှင့် ဗုဒ္ဓ၀ါဒ´-ဟူသော စာအုပ်သည် ၁၉၆၃-ခုနှစ်တွင် တစ်ကြိမ်၊ ၁၉၆၄-နှစ်တွင် တစ်ကြိမ် ထုတ်ဝေခဲ့၏။ သူ၏ အယူအဆများသည် ရှင်ဥက္ကဋ္ဌ၏ ၀ါဒများနှင့် ထပ်တူနီးပါးတူညီသည့်တိုင် ဂိုဏ်းဝင်အသင်းဝင် မဟုတ်သောကြောင့်ပေလော မသိ၊ သူ၏ စာအုပ်ကို စောဒကပုဂ္ဂိုလ်များ မတင်သွင်းခဲ့ကြပေ။
သို့ရာတွင် တိရစ္ဆာန်နှင့် လူမှတစ်ပါး ကြွင်းသော သတ္တ၀ါ၊ ကြွင်းသောဘုံတစ်တို့ကို လက်မခံလိုခြင်း၌ကား တူညီ၏။
`ဤသင်္ခဒမသုတ်နှင့် အထက်ကဖော်ပြခဲ့သော သီဝကသုတ်တို့ကို ဆင်ခြင် သုံးသပ်ပါက ယခုကာလ အများသောဗုဒ္ဓ၀ါဒီတို့ လက်ခံယုံကြည်သော အပါယ်ငရဲ ကမ္မ၀ိပါက၀ဋ် စသည့်အယူများသည် ဗုဒ္ဓ၏ ရှေးဦးမူလ ၀ါဒအစစ်ဖြစ်ပါ၏လော-ဟု သံသယဖြစ်ဖွယ်ရှိ၏။ ထိုအယူများနှင့် စပ်သော သုတ္တန်ဒေသနာများကို ပိဋကတ်စာပေ၌ တွေ့ရသည်မှန်၏။ သို့ရာတွင် ယင်းတို့သည် သဘာဝယုတ္တိရှိလှသော အထက်ပါ သုတ္တန်နှစ်ခုနှင့် ဆန့်ကျင်၍ ဗုဒ္ဓလုံးဝပယ်ခဲ့သော ဒိဋ္ဌုပါဒါန်နှင့် စွန်းငြိနေကြောင်း သတိပြုရာ၏။
မကောင်းမှု၏ အကျိုးဝိပါက်ကို ဘ၀ပေါင်းများစွာ ခံစားခဲ့ရပုံကို ပြသော သာဓကများကို ပိဋကတ်စာပေ၌ မတွေ့ရဘဲ အဋ္ဌကထာများ၌သာ တွေ့ရခြင်းကိုလည်း သတိပြုသင့်ပေ၏။ သုတ္တန်ဒေသနာများ၌မူ ဗုဒ္ဓသည် ထိုအကြောင်းများကို ဟောရန် အခါအခွင့်ကြုံသောအခါ၌ပင် မဟောခဲ့ချေ။ (ပ) အဋ္ဌကထာများ၌မူ ပစ္စုပ္ပန်ဝေဒနာ ခံစားရမှု အသေးအဖွဲများကိုပင် အတိတ်ဝတ္ထုများဖြင့် အကျယ်ချဲ့၍ ပြဆိုထား၏။ ထိုသို့ပြဆိုရာ၌လည်း ရဟန်းတပါးအား ကြံတစ်ချောင်းလှူ၍ နတ်သ္မီးဖြစ်ရပုံ၊ အခြားရဟန်းတစ်ပါးအား ဆွမ်းပစ္စည်းကို ၀န်တိုပိတ်ပင်မိသဖြင့် ရဟန်းတစ်ပါးမှာ ဘ၀ပေါင်းများစွာ ငရဲခံ၊ တိရစ္ဆာန် ပြိတ္တာဖြစ်၍ နောက်ဆုံးဘ၀၌ပင် ဆွမ်းဝအောင် မစားရပဲ နိဗ္ဗာန်ပြုရပုံ စသည်များမှာ အကြောင်းနှင့်အကျိုး ညီညွတ်မျှတခြင်းမရှိဘဲ သဘာဝယုတ္တိ ကင်းမဲ့လှချေသည်။´ (ဗုဒ္ဓနှင့်ဗုဒ္ဓ၀ါဒ-ဒု၊ ၉=၁၀)
ဗုဒ္ဓ၏ ကိုယ့်ဝန်ကိုယ်ထမ်းဝါဒကို လက်ခံယုံကြည်သောသူသည် နတ်ဗြဟ္မာတို့ကို ယုံကြည်ကိုးစားရန် မလိုသကဲ့သို့ ဗုဒ္ဓ၏ ကမ္မသတ္တိဝါဒကို သိရှိနားလည်သောသူသည် ငရဲကို ကြောက်ရန်မလိုချေ။ ငရဲသည် ရှေးလူတို့၏ စိတ်ကူးစိတ်သန်းမျှသာဖြစ်ကြောင်း အိန္ဒိယဗုဒ္ဓ၀ါဒီတို့၏ ငရဲနှင့် တိဗက်ဗုဒ္ဓ၀ါဒီတို့၏ ငရဲကို နှိုင်းရှည့်ခြင်းဖြင့် သိအပ်၏။ ပူပြင်းသော ရာသီဥတုဒဏ်ကို ခံရသော အိန္ဒိယဗုဒ္ဓ၀ါဒီတို့၏ ငရဲသည် အလွန်ပူ၍ အအေးဒဏ်ကို ခံရသော တိဗက်ဗုဒ္ဓ၀ါဒီတို့၏ ငရဲကား အလွန်အေးသည် ဆို၏။ စင်စစ် ထင်ရှားသော ရှေးတိဗက်ဗုဒ္ဓကျမ်းတစ်စောင်၌မူ ငရဲမင်းနှင့်တကွ ငရဲသားများသည် ဧကန်ထင်ရှားမရှိဘဲ လူတို့၏ ကမ္မသတ္တိကြောင့် ဖြစ်ပေါ်လာသော စိတ်အာရုံများသာလျှင် ဖြစ်သည်ဟု ပြဆိုထား၏။ (Edward Conze, “Buddhist Scriptures”) (ဒု၊ ၂၄၄)
အထက်ပါ ကောက်နှုတ်ချက်များသည် ဒုတိယအကြိမ်ထုတ် စာအုပ်များမှ ဖြစ်၏။ ယခုတတိယအကြိမ်၌ကား စာပေစိစစ်ရေးကောင်းမှုကြောင့် အချို့သော စာသားများ ပါမလာတော့ပေ။
၁၃၄၄- (၁၉၈၃) ခုနှစ်က မိစ္ဆာဝါဒ၊ အဓမ္မ၀ါဒအဖြစ် ဆုံးဖြတ်ခဲ့သော ဦးမာလာဝရ (ရေတာရှည်)၏ အယူအဆတွင်ကား ငရဲပြည်သည် ဂင်္ဂါမြစ်ကမ်းတွင် ရှိသည်ဆို၏။ ဒေ၀သည် တောင်ပေါ်သားများဖြစ်၍ ဒေ၀ငါးရွာနှင့် မာရဒေ၀ရွာ တစ်ရွာရှိသည် ဆို၏။
ယင်းဒေ၀ငါးရွာမှာ-
(၁) စတုမဟာရာဇိကဒေ၀ရွာ (၂) တာဝတိံသာဒေ၀ရွာ (၃) ယာမာဒေ၀ရွာ
(၄) တုသိတာဒေ၀ရွာ (၅) နိမ္မာနရတိဒေ၀ရွာ- တို့ဖြစ်၏်။ မာရဒေ၀တစ်ရွာသာ ရှိပါသည်။ သမိုင်းတွင် ၎င်းကို ပရနိမ္မိတ၀သ၀တီ-ဟု ခေါ်ဆိုသည်။ (၎င်းဝိနိစ္ဆယ-၃၉)
ဤသို့ နတ်ပြည်ခြောက်ထပ်ကို ဟိမ၀န္တာဒေသရှိ ရွာခြောက်ရွာအဖြစ် ဦးမာလာဝရ ကြံဆခဲ့သော်လည်း ရှင်ဥက္ကဋ္ဌ၀ါဒအလိုကား ဒေသသီးခြားမရှိ။
`နတ်=နတ်ဆိုသည့်ပါဠိစကားမှာ မြန်မာလို စည်းစိမ်ခံစားခြင်းကို ခေါ်၍ ဤခန္ဓာအတွင်းမှာရှိသော စက္ခု,သောတ, ဃာန, ဇိဝှါ, ကာယ, မန၊ ဤ(၆)ခုတို့ဖြင့် ခံစားမှုပြုခြင်းကိုပင် စည်းစိမ်ခံစားမှု နတ်ခြောက်ဘုံဟု ခေါ်ဆိုရခြင်းဖြစ်ကြောင်း ဗုဒ္ဓဟောသော ပါဠိများကို ခန္ဓာနည်း၊ လက်တွေ့နည်းတို့ဖြင့် ပေါင်းစပ်ရှာဖွေပါက မိမိတို့ ခန္ဓာအတွင်းရှိသော ဤခြောက်ခုကိုပင် နတ်ဘုံခြောက်ဘုံ ဖြစ်ကြောင်း ထင်ရှားစွာ တွေ့ရပါသည်။´ (နတ်နှင့်ငရဲ ဘယ်မှာလဲ၊ စာ-၂၃)
၎င်းတို့အလို စည်းစိမ်ခံစားမှုကို နတ်ခေါ်သကဲ့သို့ ဆင်းရဲဒုက္ခရောက်ခြင်းကိုပင် ငရဲဟု ဆိုလို၏။ သူတို့၏ ငရဲကြီးရှစ်ထပ် အဓိပ္ပါယ်ဖွင့်ဆိုပုံကို ကြည့်ပါ။--
(၁) သိန်းဇီဝ= ဇီဝ၏ အဓိပ္ပါယ်မှာ အသက်ကို ခေါ်ပါသည်။ သိန်း၏အဓိပ္ပါယ်မှာ သေလုနီးပါးဟု ခေါ်ပါသည်။ နှစ်ခုပေါင်းလိုက်လျှင် သိန်းဇီဝ- သေလုနီးပါးအထိ ပူလောင်ကျွမ်းမှုကြီး ဖြစ်ရခြင်းဟု ပြဆိုခြင်းဖြစ်သည်။
(၂) ကာလသုတ်= ကြိုးနှင့်တုပ်နှောင်ထားဘိသကဲ့သို့ ရုန်းထွက်၍ မရသလို ပူလောင်မှုဒဏ်ကို ခံနေရခြင်း။
(၃) သင်္ဃာတ= သံမီးတောင်ကြီး၏ အပူရှိန်ဖြင့် ဖိကပ်၍ ထားဘိသကဲ့သို့ ပူလောင်ခံနေရခြင်း။
(၄) ရောရုဝ= အသံအော်ဟစ်လျက် မခံမရပ်နိုင်ဘဲ ပူလောင်မှုဒဏ် ခံနေရခြင်း။
(၅) မဟာရောရုဝ= ထ၍မနိုင် ထိုင်၍မရ ဘယ်လိုနေရမှန်းမသိ ဖြစ်ရသည်အထိ ပူလောင်ကျွမ်းမှုဒဏ်ကို ခံနေရခြင်း။
(၆) တာပန= အသံမထွက်နိုင်တော့ဘဲ ရင်လုံးဆောင့်လျက် ပူဆွေးလောင်ကျွမ်း ဒဏ် ခံနေရခြင်း။
(၇) မဟာတာပန= အလွန်ပြင်းထန်စွာ အသံမထွက်နိုင်တော့ဘဲ သတိပင်မရ မေ့မြောကြရသည်အထိ ပူလောင်မှုဒဏ်ကို ခံနေရခြင်း။
(၈) အ၀ီစိ = တစ်ချက်ကလေးမျှ မေ့ပျောက်၍ မရနိုင်လောက်အောင် အေးကွက်စပ်ကြား မရှိပဲ ပူလောင်နေခြင်းတည်းဟူသော ပူလောင်ကျွမ်းမှုအမျိုးမျိုး (၈)မျိုး (၈)ထပ်တို့၏ နှိပ်စက်မှုဒဏ်များကို ခံနေရသူတို့ကို ငရဲကြီးရှစ်ထပ်တွင် ကျခံနေရသူများဟု ကျမ်းဂန်၌ ပြဆိုမှုပြုခြင်း ဖြစ်သည်။ (နတ်နှင့်ငရဲ ဘယ်မှာလဲ - စာ=၂၄၊၂၅)
၁၃၄၅ (၁၉၈၃) - ခုနှစ်တွင် (သာကေတမြို့နယ်၊ ဓမ္မနီတိဗိမာန်ကျောင်းမှ ဦးပညာဝံသ၏) ဓမ္မနီတိဝါဒကို အဓမ္မ၀ါဒ၊ အ၀ိနယ၀ါဒအဖြစ် ဆုံးဖြတ်ကြေညာခဲ့၏။
ထိုဆရာတော်သည်လည်ုး `၃၁-ဘုံ၊ ကုသိုလ်အကုသိုလ်တို့သည် ပရမတ်အားဖြင့် မရှိကြ၊ အရိပ်ပညတ်တွေသာ ဖြစ်ကြသည်။´ဟု ဟောပြောသတဲ့။
`ကျောက်ပုံတောရ၀ါဒီ ၀ိဘဇ္ဇ၀ါဒပညာသိဝိပဿနာအဖွဲ့မှ ပုသိမ်ဆရာညွန့်၏ ဟောပြောချက်ကား ဤသို့တဲ့။
(က)`စိတ်တရား, စေတသိက်တရား, ရုပ်တရားတွေဟာ စိတ်နဲ့စေတသိက်ကို ဘာခေါ်သလဲ နာမ်ခေါ်တယ်၊ စိတ်နဲ့စေတသိက်မဟုတ်လို့ ကျန်တဲ့သဘောတရားတွေ ဘာခေါ်လဲ (ရုပ်ပါ) ဒါဖြင့် ရုပ်မဟုတ်တဲ့ နာမ်တွေကို ဘုံတပ်လိုက်တော့ အရူပဘုံခေါ်ရင် မှားမလား မမှားပါဘူး၊ နာမ်မဟုတ်တဲ့ ရုပ်တွေကို ကျွန်တော်တို့ ဘုံတပ်ကြည့်ရင် ရူပဘုံ၊ အဲဒီ နာမ်နဲ့ရုပ်ကို နှစ်သက်နေတဲ့ လူတွေကျမှ ကာမဘုံလို့တပ်၊ ဘုံတွေဘယ်နှစ်ဘုံလဲ အဲဒီဘုံသုံးဘုံမှ ဘုရားဟောတာ၊ ၃၁-ဘုံက ဘုရားမဟောခင်ထဲက အများပြောတာ၊ အများပြောတာက ၃၁-ဘုံ၊ ဘုရားဟောတာက သုံးဘုံ၊ နာမ်ကို ရုပ်မဟုတ်တဲ့ အတွက်ကြောင့် အရူပ၊ ရုပ်ကို နာမ်မဟုတ်တဲ့အတွက်ကြောင့် ရူပ၊ အဲဒီနာမ်ရုပ်တွေ ပေါ်တိုင်းပေါ်တိုင်း နှစ်သက်နေကြတဲ့ လူဟူသမျှ ကာမ၊ အဲဒီဘုံသုံးပါးပါပဲ၊ ရှင်းတယ်မဟုတ်လား။ ၃၁-ဘုံက ဘုရားမပွင့်ခင်ကတည်းက အများသိတဲ့တရား၊ မမှန်ဘူးလား၊ ဘုံသုံးပါးက အများသိတဲ့တရားမဟုတ်ဘူး၊ ဘုရားပွင့်လာမှ ဘုရားဟောတဲ့ တရားဖြစ်နေတော့ သူကနောက်ကျ။
(ခ) ဘုရားဟောတဲ့ ဘုံဘ၀သည် ကာမ,ရူပ,အရူပဖြစ်ပါတယ်။ ဘုရားမဟောတဲ့ ဘုံဘ၀သည် ၃၁-ဘုံဖြစ်ပါတယ်။ ၃၁-ဘုံဟာ ဘုရားဟောတာမဟုတ်ပါဘူး။ ဘုရားဟောတာ ဘုံသုံးပါးကို ဟောတာပါ။
အထက်ပါအတိုင်း ကုသိုလ်အကုသိုလ်ကံတို့၏ အကျိုးတရားဖြစ်သော ဘုံဘ၀တို့ကို ပယ်သဖြင့် ထိုဘုံဘ၀တို့ကိုရောက်ကြောင်း ကောင်းမှု မကောင်းမှု ကံများလည်း မရှိ-ဟု ပယ်ရာရောက်ရကား ထိုပုဂ္ဂိုလ်များကို နိယတမိစ္ဆာဒိဋ္ဌိက (သေပြီးနောက် ငရဲသို့ ဧကန်ရောက်ရမည့် မိစ္ဆာအယူရှိသူများ) ဟု ခေါ်ဆိုပါသည်။
``သတ္တ၀ါတစ်ယောက်၊ ယူမှားမှောက်ကို၊ သိန်းလောက်ဘုရား၊ လှန်သောအားဖြင့်၊ ဟောကြားခြေချွတ်၊ ဖြေမလွတ်ဘူး၊ အကျွတ်မရ၊ နိယတဖြင့်၊ ၀ါဒအလို၊ မြေကြီးမျိုလည်း၊ ယူကိုစွန့်ဘဲ၊ အကျင့်လွဲ၍၊ ငရဲခံလိမ့် မည်သော့ကြောင့်။´ (မဃဒေ၀-၃၁၉)-ဟူသည့်အတိုင်း ထိုပုဂ္ဂိုလ်များသည် အယူမစွန့်ဘဲ ငရဲသို့ သွားမည့်သူများ ဖြစ်၏။ ထိုသူတို့သွားသော ငရဲသို့ အဖော်အဖြစ် မလိုက်ပါမိကြပါစေနဲ့။
အရှင်ကောဝိဒ (ယော)

Tuesday, July 13, 2010

မောဟ၏ သဘောသဘာဝ

ကျွန်တော်သည် အဘိဓမ္မာဆိုင်ရာ စာအုပ်တို့ကို ဖတ်ရှုပြီး ကိုယ်တိုင်မဝေခွဲ မဆုံးဖြတ်နိုင်သော မေးခွန်းတစ်ခုကို တင်ပြလိုပါသည်။
- မောဟ (စေတသိက်)သည် သိသင့်တာကို မသိ၊ မသိသင့်တာကို သိသည်ဟုအချို့ စာများတွင် တွေ့ရသည်။
- မောဟ (စေတသိက်)သည် အာရုံ၏ သဘောကို ဖုံးလွှမ်းတတ်သဖြင့် အမှန်တွေကို မသိမလို အမှားတွေကိုလည်း မသိ၊ ဘာကိုမှ မသိကြောင်း အချို့စာများတွင် တွေ့ရသည်။
ထို့ကြောင့် မောဟ၏ ကိစ္စ (အလုပ်တာဝန်) ကို ပရိယတ္တိပညာရှင်များက ဖြေကြားပေးလိမ့်မည်ဟူသော အားကိုးဖြင့် မြတ်ပန်းရဂုံစင်မြင့်သို့ တင်လိုက်ရပါသည်။
ရတနာပုံ မောင်သစ်
မောဟ၏ သဘော
၃၉၀။ ထိုအခါ၌ တွေဝေမှု `မောဟ´ ဟူသည် အဘယ်သဘော ဖြစ်သနည်း။
ထိုအခါ၌ အကြင် မသိခြင်းသဘော `အညာဏ´၊ (အမှန်တရားကို) မမြင်ခြင်းသဘော `အဒဿန´ ၊ ထိုးထွင်း၍ မသိတတ်သော သဘော `အနဘိသမယ´။ (အမှန်တရားအား) လျော်စွာ မသိတတ်သောသဘော `အနနုဗောဓ´။ (အနိစ္စစသည်တို့နှင့်ယှဉ်၍) မသိတတ် သော သဘော (မှားယွင်းစွာ သိတတ်သောသဘော) `အသမ္ဗောဓ´ ၊ ထိုးထွင်း၍ မသိခြင်း သဘော `အပ္ပဋိဝေဓ´။ (အနိစ္စစသည်ဖြင့်) မယူတတ်သော သဘော `အသံဂါဟန´၊ (အမှန်တရားကို) သက်ဝင်၍ မယူတတ်သောသဘော `အပရိယောဂါဟန´၊ ညီညီညွတ်ညွတ် မရှုတတ်သော (အနိစ္စစသည်ကို နိစ္စစသည်ဟု မညီမညွတ် ရှုတတ်သော) သဘော `အသမပေက္ခန´ ၊ မဆင်ခြင်တတ်သော သဘော `အပစ္စဝေက္ခန´ ၊ မျက်မှောက် မရှုတတ်သော သဘော (အကောင်းအဆိုးကို မဝေခွဲတတ်သော သဘော) `အပစ္စက္ခကမ္မ´၊ (စိတ်) ဖြူစင် သန့်ရှင်းမှုကို ဖျက်ဆီးကြောင်း သဘော `ဒုမ္မေဇ္ဈ´၊ လူမိုက်ဖြစ်ကြောင်း သဘော `ဗာလျ´ ၊ ကောင်းစွာ (ခွဲခွဲခြားခြား) အပြားအားဖြင့် မသိတတ်သော သဘော `အသမ္ပဇည´၊ တွေဝေခြင်းသဘော `မောဟ´ ၊ ပြင်းစွာတွေဝေခြင်း သဘော `ပမောဟ´။ (တရားအားလုံး၌) ထက်ဝန်းကျင် တွေဝေခြင်း သဘော `သမ္မောဟ´၊ သိအပ်သည်ကို မသိခြင်း (သစ္စာလေးပါးကို မသိခြင်း) သဘော `အ၀ိဇ္ဇာ´။ (၀ဋ်ဆင်းရဲ၌) နစ်မြုပ်စေတတ်သော မသိမှု သဘော `အ၀ိဇ္ဇောဃ´။ (၀ဋ်ဆင်းရဲ၌) ယှဉ်စေတတ်သော မသိမှုသဘော `အ၀ိဇ္ဇာယောဂ´ ၊ အစဉ် ကိန်းဝပ်တတ်သော မသိမှုသဘော `အ၀ိဇ္ဇာနုသယ´။ (ကိလေသာတို့၏) ထကြွ သောင်းကျန်းခြင်း မသိမှုသဘော `အ၀ိဇ္ဇာပရိယုဋ္ဌာန´။ (စီးပွားချမ်းသာသို့ မရောက်နိုင်အောင် ပိတ်ပင်တတ်သဖြင့်) တံခါးကျည် (မင်းတုတ်) နှင့် တူသော မသိမှုသဘော `အ၀ိဇ္ဇာလင်္ဂီ´ ၊ အကုသိုလ်တို့၏ အခြေအမြစ်ဖြစ်သော တွေဝေမှု `မောဟအကုသလမူလ´ သည် (ရှိ၏)။ ထိုအခါ၌ တွေဝေမှု `မောဟ´ ဟူသည် ဤသဘော ဖြစ်၏။
အထက်ပါ ဖွင့်ဆိုချက်များသည် ဓမ္မသင်္ဂဏီပါဠိတော်မြန်မာပြန်မှ မောဟ၏ ပရိယာယ်ပုဒ်များ ဖြစ်၏။
သင်္ဂြိုဟ်ဘာသာဋီကာမှ မောဟနှင့် ပတ်သက်သော ရေးသားချက်များကို ဖော်ပြပါဦးမည်။
မောဟ။ ။ မုယှတီတိ မောဟော နာမ, ဧသော အညာဏလက္ခဏော၊ အာလမ္ဗနသဘာဝစ္ဆာဒ ရသော-န္ဓကာရုပဋ္ဌာနော၊ အယောနိသောမနသိကာရ - ပဒဋ္ဌာနောတိ သညိတော။
ဝစနတ္ထ, လက္ခဏာ။ ။[မုယှတီတိ-အာရုံ၌ တွေဝေတတ်သည်၏ အဖြစ်ကြောင့်၊ မောဟော နာမ- မောဟမည်၏၊ ဧသော - ဤမောဟသည်၊ အညာဏလက္ခဏော၊ ဉာဏ်၏ ဆန့်ကျင်ဘက် လက္ခဏာရှိ၏။] -မုယှတိအရ အာရုံ၌ တွေဝေခြင်းဟူရာ၌ ၀ိစိကိစ္ဆာ သဘောကဲ့သို့ မဆုံးဖြတ်နိုင်ဘဲ ဝေတေတေဖြစ်နေခြင်းမဟုတ်, အာရုံ၏ အမှန်သဘောကို မသိခြင်းပင်တည်း၊ ထို့ကြောင့် မုယှတိကို `နဗုဇ္ဈတိ´ဟု ဋီကာတို့ ဖွင့်ကြသည်၊ ဘ၀င်ကျ၍ အိပ်ပျော်နေသလို မသိရုံသက်သက်မဟုတ်, ဉာဏ်သည် အမှန်ကိုသိသကဲ့သို့ မောဟသည် အမှားကိုသိ၏၊ ထို့ကြောင့် ဉာဏ်၏ဆန့်ကျင်ဘက် ဖြစ်ခြင်း လက္ခဏာရှိသည်။
ရသ,ပစ္စုပဋ္ဌာန်။ ။[အလမ္ဗသဘာဝစ္ဆာဒရသော - အာရုံ၏ သဘောမှန်ကို ဖုံးကွယ်ခြင်း ကိစ္စရှိ၏၊ အန္ဓကာရဥပဋ္ဌာနော - ပညာစက္ခုကို ကန်းအောင်ပြုတတ်သောတရားဟု ယောဂီတို့ ဉာဏ်အားထင်လာ၏။] -အာရုံ၏ ဟုတ်မှန်သောသဘောဟူသည် ဒုစရိုက်တရားတို့၏ မကောင်းဆိုးဝါးသော သဘော,သုစရိုက်တို့၏ ကောင်းသောသဘော, ဒုက္ခသစ္စာစသည်တို့၏ သဘော, အတိတ်ဘ၀နှင့် အနာဂတ်ဘ၀တို့ရှိခြင်းသဘော, ပဋိစ္စသမုပ္ပါဒ်၏ သဘောစသည် တည်း။ ဤသဘောမျိုးကို မသိအောင် ကာကွယ်ဖုံးလွှမ်းထားခြင်းသည် မောဟ၏ ကိစ္စတည်း၊ ဤဖုံးလွှမ်းကာကွယ်မှုကြောင့်ပင် ဒုစရိုက်သဘောကို သိပြီးသော ပညာရှိဖြစ်စေကာမူ မောဟ ၀င်လာသော အခါ ထိုဒုစရိုက်တို့၏ အပြစ်ကို မမြင်နိုင်ဘဲ ပြုမှားမိကြလေသည်။ ထို့ကြောင့် `ဤ မောဟသည် ရှိပြီးသော ပညာစက္ခုကို ကန်းအောင်ပြုတတ်သောတရား´ဟု ယောဂီတို့ ဉာဏ်မှာ ထင်လာသည်။
ပဒဋ္ဌာန်။ ။[အယောနိသောမနသိကာရပဒဋ္ဌာနောတိ - အယောနိသောမနသိ ကာရလျှင် နီးစွာသောအကြောင်းရှိ၏ဟူ၍၊ သညိတော - မှတ်အပ်၏။] -`အယောနိသော ဘိက္ခဝေ မနသိကရောတော အနုပ္ပန္နာ စေ၀ အကုသလာ ဓမ္မာ ဥပပဇ္ဇန္တိ´နှင့်အညီ မသင့်မတင့် နှလုံးသွင်းသူ၏ သန္တာန်၌ အကုသိုလ်တရား တိုးပွားမြဲဖြစ်ရကား အယောနိသောမနသိကာရ သည် မောဟ၏ နီးစွာသော အကြောင်းတည်း။
မှတ်ချက်။ ။ ပဒဋ္ဌာန်မပါသော အကုသိုလ်အရာ၌ ဤအယောနိသောမနသိကာရကို ပဒဋ္ဌာန်ဟုမှတ်ပါ၊ မောဟနှင့်စပ်၍ အခြားမှတ်သားဖွယ်ရာများကို ပစ္စည်းပိုင်း အ၀ိဇ္ဇာပုဒ်၌ ရှုပါ။
[ဆောင်] သဘောမှန်ရာ, ဖုံးကွယ်ကာ၍, ပညာစက္ခု, ကန်းအောင်ပြုလျှင်း, မိုက်မဲခြင်း, မယွင်းမောဟသဘောတည်း။ (၁၂၁)
ဆရာတော်ညွှန်းသည့်အတိုင်း ပစ္စည်းပိုင်း အ၀ိဇ္ဇာပုဒ်ကို ဆက်လက်ဖော်ပြပါမည်။ အ၀ိဇ္ဇာ။ ။ န ၀ိဒတိ- မသိတတ်၊ ဣတိ- ထို့ကြောင့်၊ အ၀ိဇ္ဇာ- အ၀ိဇ္ဇာမည်၏။ တရားကိုယ်အားဖြင့် မောဟတည်း။ ဤအ၀ိဇ္ဇာသည် သိထိုက်သော အရာဌာနကို မိမိကိုယ်တိုင်လည်း မသိတတ်၊ မိမိနှင့် ယှဉ်ဘက် အကုသိုလ်စိတ် စေတသိက်များကိုလည်း ကောင်း၊ မိမိကိန်းရာ သတ္တ၀ါကိုလည်းကောင်း မသိစေတတ်။ မျက်စိ၌ တိမ်သလာ ဖုံးလွှမ်းနေသူသည် တိမ်သလာအတွက်ကြောင့် မြင်သင့်မြင်ထိုက်သော အရာဌာနကို မမြင်ရသကဲ့သို့တည်း။ ဤအ၀ိဇ္ဇာ၏ ဖုံးလွှမ်းရာဌာနကို `သစ္စာလေးပါး ပုဗ္ဗန္တ အပရန္တ ပုဗ္ဗန္တာပရန္တ ပဋိစ္စသမုပ္ပါဒ်´-ဟု အဘိဓမ္မာနည်းအားဖြင့် ရှစ်ဌာနပြ၏။ ထိုတွင် ဘုံသုံးပါး၌ ရှိရှိသမျှ နာမ်ရုပ်တွေသည် ဒုက္ခသစ္စာတွေချည်းတည်း။ ထိုဒုက္ခတွေကို ဒုက္ခဟု မသိမမြင်နိုင်ခြင်းသည် ဒုက္ခသစ္စာကို ဖုံးလွှမ်းသော အ၀ိဇ္ဇာပင်တည်း။ ထို့အတူ တဏှာ လောဘကို ဒုက္ခဖြစ်ကြောင်းမှန်း မသိခြင်း၊ နိဗ္ဗာန်ကို ဒုက္ခ၏ ချုပ်ရာမှန်း မသိခြင်းသည် သမုဒယ နိရောဓ မဂ္ဂသစ္စာကို ဖုံးလွှမ်းသော အ၀ိဇ္ဇာပင်တည်း။
အန္တ၏ အနက်။ ။ ပုဗ္ဗန္တ-စသည်၌ အန္တသဒ္ဒါသည် အဖို့အစုဟူသော အနက်ကို ဟော၏။ အချို့ပုထုဇဉ်များသည် ရှေးအတိတ်ဘ၀၌ ဖြစ်ခဲ့သည်ကို မယုံကြည်၊ ယခုဘ၀မှ ထာဝရဘုရား စသူတို့ ဖန်ဆင်း၍ ဖြစ်ရသည်ဟု မှတ်ထင်၏။ သို့သော် နောက်နောက်ဘ၀၌ ဆက်ကာဆက်ကာ ဖြစ်ဦးမည်ကိုကား ယုံကြည်၏။ ထိုသူ၏ အ၀ိဇ္ဇာသည် `ပုဗ္ဗန္တေ အညာဏံ´ အရ အတိတ်ဘ၀၌ ဖြစ်သော ခန္ဓာ အာယတန ဓါတ်အစု၌ ဖုံးလွှမ်းသော အ၀ိဇ္ဇာတည်း။ အချို့ကား ရှေးအတိတ်က ဖြစ်ခဲ့ရပုံကို ယုံကြည်၏၊ သို့သော် နောက်ဘ၀၌ ရဟန္တာမဖြစ်သေး သမျှ ဆက်လက်ဖြစ်ရဦးမည်ကို မယုံကြည်၊ သေလျှင် ပြီးတာပဲ-ဟူသော ဥစ္ဆေဒဒိဋ္ဌိဘက်သို့ သက်ဝင်လျက် ရှိ၏။ ထိုသူ၏ အ၀ိဇ္ဇာသည် `အပရန္တေ အညာဏံ´ အရ နောက်နောက်ဘ၀၌ ဖြစ်သော ခန္ဓာ အာယတန ဓါတ်အစုကို ဖုံးလွှမ်းသော အ၀ိဇ္ဇာတည်း။ အချို့ကား ရှေးဘ၀ နောက်ဘ၀ကိုပင် မယုံကြည်၊ ထိုသူ၏ အ၀ိဇ္ဇာသည် `ပုဗ္ဗန္တာပရန္တေ အညာဏံ´အရ ရှေ့နောက် ဖြစ်သော ခန္ဓာ အာယတန ဓါတ်အစုကို ဖုံးလွှမ်းသော အ၀ိဇ္ဇာတည်း။
ထို့ပြင် အ၀ိဇ္ဇာသည် ပဋိစ္စသမုပ္ပါဒ်တရားကို ဖုံးလွှမ်းတတ်သေး၏။ အ၀ိဇ္ဇာစသည်က အကြောင်း၊ သင်္ခါရစသည်က အကျိုး၊ အ၀ိဇ္ဇာစသော အကြောင်းကြောင့်သာ သင်္ခါရစသော အကျိုးများ ဖြစ်ရသည်ဟု နားမလည်အောင် ဖုံးလွှမ်းကွယ်ကာသည် ဟူလို။ ဤအ၀ိဇ္ဇာသည် အဆင့်ဆင့်ထောက်ဆ၍ အထူးအပါးကွဲပြား၏။ ကုသိုလ်အကုသိုလ်မှန်းကိုမျှ မသိအောင် ဖုံးလွှမ်းထားသော အ၀ိဇ္ဇာသည် အလွန်ထူပိန်းသော အ၀ိဇ္ဇာတည်း။ ကုသိုလ် အကုသိုလ်မှန်း သိတတ်၍ အကုသိုလ်အချက်ပေါ်လာလျှင် `မတော်ပါတကား´ဟု ရှောင်ရှားတတ်၊ ကုသိုလ်ဟူသမျှကို ပြုတတ်လျှင် အ၀ိဇ္ဇာ အတော်ပါးလှပ်လေပြီ။ သို့သော် အ၀ိဇ္ဇာကင်းဖို့ အရေးမှာ များစွာဝေးပါသေး၏။ သောတာပန် သကဒါဂါမ် အနာဂါမ်အဖြစ်ရောက်၍ သစ္စာလေးပါးစသည်ကို ထွင်းဖောက်သိမြင်နိုင်သော်လည်း အ၀ိဇ္ဇာမှာ ပါးသည်ထက် ပါးရုံသာ ရှိသေး၏။ ရဟန္တာအဖြစ်ကျမှ အ၀ိဇ္ဇာအားလုံးကင်းလေသည်။ ဤနေရာဝယ် `သစ္စာလေးပါး စသည်ကို သိသည်´ ဟု ဆိုရာ၌ ယခုကာလ သင်္ဂြိုဟ်သရုပ်ခွဲသမားတို့ အသိမျိုးကဲ့သို့ သရုပ်ရေတွက်တတ်သော အသိမျိုးမဟုတ်၊ သရုပ်ရေတွက်တတ်မှုမှာ သညာသိ (အမှတ်သိ) မျိုးသာတည်း၊ ဉာဏ်သိမဟုတ်သေး။ ဉာဏ်ဖြင့် ဒုက္ခသဘော သမုဒယသဘော စသည်ကို သိမှသာ အသိဟု မှတ်ပါ။
အ၀ိဇ္ဇာကင်းသော်လည်း အကုန်မသိ။ ။ အ၀ိဇ္ဇာကင်း၍ ရဟန္တာဖြစ်သောအခါ လောကီ လောကုတ္တရာအားလုံးကို ကုန်စင်အောင် သိပြီဟု မမှတ်ရ၊ သိသင့်သိထိုက် သလောက် သစ္စာလေးပါးစသည်ကို သိခြင်းသာလျှင် လိုရင်းတည်း။ ရဟန္တာဖြစ်သော်လည်း ပဋိသမ္ဘိဒါပတ္တရဟန္တာ မဟုတ်လျှင် ပိဋကကို တမင်သင်ယူမှ တတ်နိုင်သည်။ ပိဋကတတ်သော် လည်း သူတစ်ပါး၏ အဇ္ဈာသယကို ကျနစွာမသိ၊ အာသယာနုသယဉာဏ် ဣန္ဒြိယပရော ပရိယတ္တိဉာဏ် သဗ္ဗညုတဉာဏ်ရှင် ဖြစ်တော်မူသော ဘုရားရှင်သာလျှင် သိဖွယ်အားလုံးကို ကုန်စင်အောင် သိမြင်တော်မူနိုင်သည်၊ ထိုကဲ့သို့ လောကီလောကုတ္တရာ အားလုံးကို ကုန်စင်အောင် မသိမြင်ခြင်းမှာ အ၀ိဇ္ဇာ၏ ဖုံးလွှမ်းမှုမဟုတ်၊ မိမိဉာဏ်၏ သတ္တိနည်းမှုသာ ဖြစ်သည်။ ဥပမာ- နေ့ခင်းကြောင်တောင်ဝယ် အဝေးမှာတည်သော ရူပါရုံကို မမြင်ခြင်းသည် အမှောင်၏ ကာကွယ်မှုကြောင့်မဟုတ်၊ မိမိစက္ခု၏ သတ္တိနည်းမှုသာ ဖြစ်သကဲ့သို့တည်း။
ဆက်ဦးအံ့- ဘုရားရှင်ကလွဲလျှင် အရှင်သာရိပုတြာသည် ဉာဏ်တော်အကြီးဆုံးတည်း။ ထိုအရှင်သာရိပုတြာသည်ပင် မိမိတပည့် ရဟန်းကလေးအား ကမ္မဋ္ဌာန်းအပေး မှားခဲ့ဘူး၏။ ရဟန်းကလေးကား ငယ်ရွယ်သူတည်း၊ `ငယ်ရွယ်သူ့ စိတ်ဓါတ်သည် ကာမဘက်၌ ညွတ်တတ်၏´ဟု နှလုံးပြု၍ အသုဘကမ္မဋ္ဌာန်းကို ပေးလေရာ၊ စရိုက်နှင့် မတဲ့သောကြောင့် လေးလပတ်လုံး အားထုတ်သော်လည်း တရားထူးမရ၊ နိမိတ်ကလေးမျှ မထင်၊ ထို့ကြောင့် ဘုရားရှင်အား အရှင်သာရိပုတြာက အကြောင်းကို လျှောက်ထားသောအခါ ငယ်ရွယ်သူပင် ဖြစ်သော်လည်း ဘ၀ငါးရာလောက် ရွှေပန်းထိမ်သည်ချည်း လုပ်ခဲ့ဘူး၍ နီမြန်းသော ရွှေများကို ကြည့်ရှုရဖန်များသောကြောင့် အဇ္ဈာသယနှင့်တန်အောင် ဘုရားရှင်က ပဒုမာကြာနီပန်းကို ဖန်ဆင်းပြလျက် အနိစ္စသဘောကို ဖော်ပြတော်မူလေသော် တနေ့ချင်းဖြင့် တရားပေါက်၍ ရဟန္တာအဖြစ်သို့ ရောက်လေသည်။ ထို့ကြောင့် ရဟန္တာဖြစ်ပါလျက် အားလုံးကို မသိခြင်းမှာ ဉာဏ်သတ္တိကုန်မှုကြောင့်သာ ဖြစ်၏။ အ၀ိဇ္ဇာဖုံးလွှမ်းမှုကြောင့် မဟုတ်။ အ၀ိဇ္ဇာ၏ ဖုံးလွှမ်းရာ ဌာနမှာ သစ္စာလေးပါးနှင့် ပုဗ္ဗန္တစသော တရားစုသာ ဖြစ်သည်ဟု မှတ်ပါ။
ဤမျှဖြင့် မောဟ၏ သဘောသဘာဝ ပေါ်လွင်ထင်ရှားပြီဟု ထင်ပါသည်။ အချုပ်မှာ မောဟသည် အမှန်ကို မသိသဖြင့် အမှားကိုသာ သိ၏-ဟုလည်း ဆိုနိုင်ပါသည်။ ဘာကိုမျှ မသိခြင်း-ဟုတော့ မဆိုနိုင်ပါ။ တနည်းအားဖြင့် မသိခြင်းမှန်သမျှ မောဟမဟုတ်ပါ။ မိမိမမြင်ဘူးသောသူ မရောက်ဘူးသောဒေသတို့၏ အမည်နာမစသည်ကို မသိခြင်းမျိုးသည် မောဟမဟုတ်ပါ။
အရှင်ကောဝိဒ (ယော)

Tuesday, July 6, 2010

ဓမ္မံ သရဏံ ဂစ္ဆာမိ

ရဟန်းတစ်ပါးသည် ဥပဇ္ဈာယ်ဆရာ အပ်ထားသော အ၀တ်ပိုင်းတစ်ခုကို ယူပြီး ဖိနပ်အိတ် ချုပ်ပါသည်။ `ငါယူလျှင် ငါ့ဥပဇ္ဈာယ်ဆရာ စိတ်ဆိုးလိမ့်မည် မဟုတ်´ ဟု မှတ်ထင်ထားပါသည်။
ဆရာသိသောအခါ `အဘယ်အကြောင်းကြောင့် ယူသနည်း´ ဟု မေးသည်။ `အရှင်ဘုရားတို့အား ကျွမ်းဝင်ရင်းနှီးခြင်းကြောင့် ယူပါ၏´ ဟု ဖြေလျှောက်ပါသည်။ (ကျွမ်းဝင်ရင်းနှီးသူ၏ ဥစ္စာကိုယူလျှင် ခိုးမှုမဖြစ်။)
`ငါနှင့်အတူတကွ သင်၏ အကျွမ်းဝင်ခြင်းမည်သည် အဘယ်နည်း´ဟု မေးကာ စိတ်ဆိုးဆိုးဖြင့် ထရိုက်ပါသည်။
ဤအဖြစ်အပျက်ကို အကြောင်းပြု၍ ဂါထာနှစ်ပုဒ်တို့ကို မြတ်စွာဘုရားရှင် ဟောတော်မူပါသည်။

`အကြင်ပုဂ္ဂိုလ်သည် အကြင်ပုဂ္ဂိုလ်၏ ရန်သူဖြစ်၏။ ထိုပုဂ္ဂိုလ်ကို ထိုပုဂ္ဂိုလ်က မြင်တွေ့ရသောအခါ ပြုံးရယ်မှုကို မပြု။ ရွှင်လန်းခြင်းကို မပြ။ ထိုပုဂ္ဂိုလ်၏စကားကို ကြားရသောအခါ မနှစ်သက်။ ၀မ်းမသာ။ ကောင်းသောစကားဟု မမှတ်။
`မျက်စိနှင့်မျက်စိ ထိခတ်၍ မျက်နှာချင်းဆိုင်လျက် မကြည့်။ မျက်နှာလွှဲ၏။ ထိုပုဂ္ဂိုလ်၏ ကာယကံ-ကိုယ်အမူအရာထူးသည်လည်း မတင့်တယ်။ ၀စီကံ-နှုတ်အမူအရာထူးသည်လည်း မတင့်တယ်။ ဆန့်ကျင်ဘက် အယူကို ယူ၏။
`ပညာရှိသူသည် မြင်သောအခါ၊ ကြားသောအခါ၊ အကြင်အကြောင်းတို့ဖြင့် ရန်သူကို သိနိုင်၏။ ထိုအကြောင်းတို့သည် ရန်သူ၌ တည်ရှိကုန်၏။ ထိုအကြောင်းတို့မှ ပြန်၍ယူသော် မိတ်ဆွေ၏အဖြစ်ကို သိအပ်၏´။ ဤကား ဂါထာနှစ်ပုဒ် ဘာသာပြန်အဓိပ္ပာယ် ဖြစ်ပါသည်။

မြင်ရသောခါ၊ ပြုံးရယ်ကာ၊ မျက်နှာ ရွှင်လန်း၏။
ကြားရသောခါ၊ နှစ်သက်ကာ၊ ၀မ်းသာ ကောင်းထင်ဘိ။
မျက်လုံးချင်းစပ်၊ မျက်နှာဟပ်ကာ၊ မူရာတင့်တယ်၊ အယူနယ် တူလွယ် ညီမျှ၏။
ဤသို့ပေါင်းဆုံ၊ အကြောင်းစုံက၊ မိတ္တစစ်မှန်၊ မစုံဟန်၊ ရန်သူ မှတ်လေဘိ။ ။

အထက်ပါ ဂါထာနှစ်ပုဒ် ဖြစ်ပေါ်လာစေသည့် အဆိုပါ ဆရာတပည့် နှစ်ပါးတို့သည် ရှေးအခါက ဆင်နှင့်ရသေ့တို့ ဖြစ်ခဲ့ကြဖူးပါသည်။
ဗာရာဏသီပြည် ဗြဟ္မဒတ်မင်းကြီး စိုးစံတော်မူစဉ်က ဘုရားလောင်းလျာ ပုဏ္ဏားသည် ရသေ့ပြု၍ အဘိညာဏ်၊ သမာပတ်တို့ကို ဖြစ်စေလျက် ရသေ့တို့၏ ဆရာအဖြစ်ဖြင့် ဟိမ၀န္တာတော၌ သီတင်းသုံးပါသည်။ တပည့်များစွာ ရှိပါသည်။ တပည့်ရသေ့တို့တွင် ဆရာ့စကား နားမထောင်သော တပည့်တစ်ဦးပါသည်။ ထိုတပည့်သည် အမိသေပြီးသော ဆင်ပေါက်စကလေး တစ်ကောင်ကို မွေးထားသည်။ ဆင်ပေါက်စကလေး အရွယ်ရောက်လာသောအခါ မွေးထားသူရသေ့ကို သတ်ပြီး တောထဲဝင်သွားပါသည်။
ဤအတိတ်ဝတ္ထု၌ ဆင်သည် ရသေ့၏ရန်သူ ဖြစ်သကဲ့သို့ ပစ္စုပ္ပန်ဝတ္ထု၌ ဥပဇ္ဈာယ်ဆရာသည် အတူနေတပည့်၏ ရန်သူ ဖြစ်ပါသည်။ (ဇာတကဋ္ဌကထာ၊ ၂၊ ၁၁၉-၁၂၀။)

ဤ၀တ္ထုနှစ်ခု၌ အနှစ်ချုပ်ကြည့်လျှင် `ဒေါသထွက်သူသည် ရန်သူဖြစ်နိုင်၏´ ဟူ၍ တွေ့ရပါသည်။ ဒေါသကို `ကောဓ´ ဟုခေါ်၍ ဒေါသထွက်နေသူကို `ကုဒ္ဓ´ ဟု ခေါ်ပါသည်။ ယင်းကုဒ္ဓကို `အမိတ္တ´ ဟု ခေါ်ပါသည်။ ရန်သူဟူ၏။ ထို့ကြောင့် ဒေါသရှိသူ (ပုထုဇဉ်၊ သောတာပန်၊ သကဒါဂါမ်) မှန်သမျှသည် အခါအခွင့် မသင့်တော့လျှင် ရန်သူအဖြစ် ပြောင်းသွားတတ်ပါသည်။
ဤနေရာတွင် အဓိကတင်ပြချင်သည့် အချက်မှာ မိတ်ဆွေဟု သိနိုင်ကြောင်း တရားများလည်း မဟုတ်ပါ။ ရန်သူဟု သိနိုင်ကြောင်းတရားများလည်း မဟုတ်ပါ။ ရန်သူယောင်ဆောင်သူဟု သိနိုင်ကြောင်း တရားများလည်း မဟုတ်ပါ။ မိတ်ဆွေ ယောင်ဆောင်သူဟု သိနိုင်ကြောင်း တရားများသာ ဖြစ်ပါသည်။ မိတ်ဆွေယောင်ဆောင်သည်။
ဗုဒ္ဓသာသနာတော်နှင့် ဗုဒ္ဓဘာသာဝင်တို့၏ မိတ်ဆွေယောင် ဆောင်ထားသည်။ အဘယ်သူ ဖြစ်မည်နည်း...။

စာရေးသူနှင့် ရင်းနှီးသော မိသားစုတစ်စုရှိသည်။ မိသားစုအားလုံး တရားရိပ်သာ သွားကြသည်။ တရားအားထုတ်ကြသည်။ သဒ္ဓါတရား၊ ၀ီရိယတရား ကောင်းကြပါသည်။
တစ်နေ့သောအခါတွင် ဒကာမကြီးက လျှောက်ထားလာသည်။ လွန်ခဲ့သော (၁၅) နှစ်ခန့်မှစ၍ အကြိမ်ကြိမ်နာယူခဲ့ရသော တရားနှင့်စပ်၍ သံသယပေါ်လာခြင်းကြောင့် ဖြစ်ပါသည်။ ဒကာမကြီးတို့မိသားစု တရားဝင်လေ့ရှိသည့် ရိပ်သာသုံးခုရှိကြောင်း သိရပါသည်။ နာမည်ကြီး ဘုန်းကြီးကျောင်းများ ဖြစ်ကြပါသည်။ တရားဝင်နေသူ ယောဂီများအား ညစဉ် (၈) နာရီတွင် ဆရာတော်ကြီး ကိုယ်တိုင် တရားဟောလေ့ ရှိပါသည်။
တစ်ဖန် ၀ါဆိုဦး ၀ါဆိုပွဲ၊ ကထိန်ရာသီ ကထိန်ပွဲ၊ သင်္ကြန်တွင်း သင်္ကြန်ပွဲတို့လည်း ရှိကြပါသည်။ ဤအထူးပွဲကြီး သုံးပွဲမှာမူ တမင်ဖိတ်ထားသူ အထူးဧည့်သည် (ဒကာ၊ ဒကာမ) အသစ်များပါ လာရှိတတ်ကြပါသည်။ ထို့ကြောင့် (အထူး) တရားကို ဟောလေ့ရှိပါသည်။ အသစ်တော့ မဟုတ် ဟူ၏။ ဒကာမကြီးသည်ပင် ထိုတရားကို အလွတ်နီးပါး ရနေလေပြီ ဖြစ်၏။ အဓိပ္ပာယ်အချုပ်မှာ -
`အလှူခံပုဂ္ဂိုလ်တို့တွင် ရုပ်နာမ်တရားတို့၌ ၀ိပဿနာဉာဏ်ရှိသူတို့သာ အမြတ်ဆုံးဖြစ်သည်။ ၀ိပဿနာဉာဏ်ရှိသူ ဆိုသည်ကလည်း ဤရိပ်သာထဲမှာသာ ရှိ၏။ စာသင်တိုက်တို့မှာ မရှိ´ ဆိုသည်တို့ကို ယုံလောက်အောင် ဟောပြခြင်းသာတည်း။
ဒကာမကြီးသည် ထိုတရား စတင်နာကြားရချိန်မှစ၍ စာသင်တိုက်တို့အား အလှူဝတ်တို့ကို ၁၄-နှစ်လုံးလုံး ဖြတ်တောက်ခဲ့ဖူးပြီး ဖြစ်ပါသည်။ ရိပ်သာတို့မှာသာ အသားကုန်လှူခဲ့သည်ဟု လျှောက်ထားပါသည်။ ထိုကိစ္စအတွက် သံသယ၀င်လာခြင်းကြောင့် သမီးနှင့် တူမကလေးများကို ထိုရိပ်သာသို့ ပို့ပေးခဲ့သည်။ သမီးနှင့် တူမကလေးများလည်း စိတ်စွဲသွားကြပါသည်။ ၀ိပဿနာဉာဏ် မရှိသည့် ရဟန်းတို့အား မလှူပါနှင့်ဟုပင် ဆိုလာတတ်ကြသတတ်။
သမီးနှင့် တူမကလေးများကမူ စာသင်သားသံဃာ၊ အခြားသံဃာတို့အား ယခုထိပင် မလှူနိုင်ကြသေးပေ။ ဒကာမကြီးက သမီးကလေးအား ပရိယတ္တိဝန်၊ ပဋိပတ္တိဝန်တို့အကြောင်း-သာသနာသုံးရပ်အကြောင်း စသည်တို့ကို ပြောပြပေးဖို့ စာရေးသူအား အကူအညီ တောင်းခံဘိသကဲ့သို့သော စကားမျိုးလည်း ပြောပြလျှောက်ထားပါသည်။
သို့သော် စာရေးသူက စာချဆရာ ရဟန်းမျှသာဖြစ်၍ ကလေးမ၏ `သူမြတ်´ စာရင်းမှာ မပါခြင်းကြောင့် စာရေးသူအား နှုတ်ဆက်ရုံမျှလောက်သာ ဆက်ဆံလေ့ရှိပါသည်။ အခွင့်လည်း မသာ၊ အခါလည်း မရပေ။ ဒကာမကြီးကိုယ်တိုင်ကတော့ ယခုအခါတွင် ပရိယတ္တိသာသနာ၊ ပရိယတ္တိသံဃာတို့အား အထူးဂရုပြုလျက် ပြန်လည်ထောက်ပံ့သူ ဒါယိကာမကြီး ဖြစ်လာလေပြီ။
ဒါယိကာမကြီးက သမီးကလေးအပါအ၀င် ဗုဒ္ဓဘာသာဝင် ဒကာ-ဒကာမများ၏ စိတ်ထဲ စွဲဝင်နေသည့် `၀ိပဿနာဉာဏ် ရှိသူ-လှူမှမြတ်´ဆိုသည့် အမှားဆူးကို နုတ်ပေးနိုင်မှ အန္တရာယ်ကင်းမည့်အကြောင်း လျှောက်ထားလာလေပြီ။

`ဒကာမကြီး...အလှူခံပုဂ္ဂိုလ်တွေထဲမှာ ၀ိပဿနာဉာဏ် ရှိနေသူသာ အမြတ်ဆုံးဆိုတာ အသာထားအုံး။ မှန်သလောက်တော့ မှန်ပါတယ်။ ရိပ်သာမှာနေတိုင်း ၀ိပဿနာဉာဏ် ရှိနေ၏-ရှိမနေ၏ ဆိုတာကတော့ အသိရခက်ပါတယ်။ ဒါ့ပြင် အလှူနဲ့ပတ်သက်လို့ မြတ်စွာဘုရား ဟောထားတာ ပြည့်ပြည့်စုံစုံ ရှိပါတယ်။ အလှူရှင်တွေ သိသင့်သိထိုက်တာ သိအောင် ဟောပေးဖို့ လိုပါတယ်။
၁။ သာသနာတော်ဆိုင်ရာ အသိ၊ အကျင့်ဘာမှမရှိတဲ့ တိရစ္ဆာန်လဲ လှူရမယ်။ အလှူခံပုဂ္ဂိုလ်ပဲ။
၂။ မုဆိုး တံငါလို အရိုင်းအစိုင်းလူတွေလဲ အလှူခံပဲ။
၃။ တုံးခုန် ဇယ်ခတ် စတဲ့ အကျင့်ရှိသူတွေလဲ လှူရမယ်။
၎။ သာသနာတော်နဲ့ မဆိုင်သေးဘဲ ကံ- ကံရဲ့အကျိုးကို လက်ခံပြီး၊ ဈာန်ရထားသူလဲ လှူရမယ်။ အလှူခံပါပဲ။ ဒီထက်ပိုပြီးတော့ မြတ်တဲ့အလှူခံက သောတာပန်ဖြစ်ရန် ကျင့်ကြံနေသူ၊ သာသနာဝင် အလှူခံပုထုဇဉ်တွေပါပဲ။
၅း၁။ သရဏဂုံ အစစ်အမှန်တည်သူ။ (သဒ္ဓါ-ပညာ ရှိရမယ်။)
၅း၂။ ငါးပါးသီလ တည်မြဲသူ။ (လိုက်ဆိုတတ်ရုံမျှမကဘဲ တကယ့် သီလငါးပါး တည်မြဲရမယ်။)
၅း၃။ ရှစ်ပါးသီလတည်မြဲသူ။ (သီလမယူခင်မှာ သနပ်ခါးလူးထားမှ ဆိုတာမျိုးမပါဘူး။) ဒီလိုဟာမျိုးကို ပုဗ္ဗစေတနာ သီလမဲ့သူလို့ ခေါ်တယ်။ မီးလောင်ခံ ကြက်တောင်နဲ့တူတယ်။ တွန့်လို့။
၅း၎။ ဆယ်ပါးသီလတည်မြဲသော လူပုဂ္ဂိုလ်-သီလရှင်-ကိုရင်များ။ (တကယ်တည်မြဲသူသာ ဆိုလိုတာ။ ကိုရင်လဲ သီလ ကျိုးပြတ်နေနိုင်တာပဲ။)
၅း၅။ စတုပါရိသုဒ္ဓိသီလထဲက အရေးကြီးတာတွေကိုသာ လိုက်နာနိုင်တဲ့ ရဟန်းတော်များ။
၅း၆။ စတုပါရိသုဒ္ဓိသီလ ပြည့်စုံသော ရဟန်းတော်များ။
၅း၇။ ၀ိပဿကခေါ် ၀ိပဿနာတရားကို မှတ်လိုက်...နားလိုက်...ရပ်တံ့လိုက် အားထုတ်တတ်သူ လူပုဂ္ဂိုလ်၊ ရဟန်းတော်များ။
၅း၈။ အာရဒ္ဓ၀ိပဿကခေါ် ၀ိပဿနာတရားကို ဣရိယာပုတ်လေးပါးစလုံး အားထုတ်တတ်၍ နေ့မပြတ် ညမပြတ် လမပြတ် နှစ်မပြတ် ဆက်တိုက် အားထုတ်နေတတ်တဲ့သူ။
၅း၉။ အဲဒီလိုအားထုတ်လို့ ၀ိပဿနာသိခါပတ္တလို့ခေါ်တဲ့ သင်္ခါရုပေက္ခာဉာဏ် အနုလောမဉာဏ်၊ (၀ုဋ္ဌာနဂါမိနီ ၀ိပဿနာဉာဏ်) ဂေါတြဘူဉာဏ် အခိုက်အတန့် ရောက်ရှိနေသူ ပုထုဇဉ်လူ၊ ရဟန်းများအားလဲ လှူရမယ်။ ဒါက ပုထုဇဉ်တွေ အလှူခံမြတ်ပုံပါပဲ။
၆။ သောတာပတ္တိမဂ္ဂဋ္ဌာန်ပုဂ္ဂိုလ်။ (အရိယာအဆင့်ဆင့် မြတ်ပုံတွေကတော့ သိသာပြီလေ။)
ကဲ-ဒီအတိုင်းဟောမှ ဘုရားဟောထားတဲ့အတိုင်း မှန်တာပါ။ သရဏဂုံ အစစ်အမှန်တည်သူ ကနေ စပြီးတော့ အမြတ်စား အလှူခံချည်းပါပဲ။ ဒီအတိုင်းမဟောဘဲ ကွက်ဟောမယ်ဆိုရင်တော့ လာဘ်လာဘငဲ့ဟောတဲ့ အဓိပ္ပာယ် ရောက်နေပါတယ်။ မည်သည့်ပုဂ္ဂိုလ်မဆို တစ်စုံတစ်ယောက်သော သူဟာ မူလတရားတော်တို့ကို လိုရာဆွဲပြီး ဖျက်ဟောမယ်ဆိုရင် အင်မတန်မှ အပြစ်ကြီးပါတယ်။ ဒီထက်ဆိုးတာကတော့ ပရိယတ္တိဝန်ထမ်းတွေကို မလှူချင်အောင် အားကိုးချင်စိတ်ပျောက်အောင် ဟောမိပြောမိခဲ့ရင် သာသနာကို ဖျက်ရာရောက်ပါတယ်။ ဘုရားကို စော်ကားရာ ရောက်ပါတယ်။ ကိုယ့်ဆရာကိုယ် ပြန်သတ်ရာလဲ ရောက်ပါတယ်။
ယောဂီတွေ ဒီလိုနေ ဒီလိုထိုင် ဒီလိုမှတ်-ဆိုတာတွေဟာ တကယ်တမ်းက ပရိယတ္တိကိစ္စ သက်သက်ပဲ သင်ပေးနေတာ၊ စာချပေးနေတာပါ။ ယောဂီက အဲဒီအတိုင်းကျင့်မှ ၀ိပဿနာတွေ ဖြစ်မှာပေါ့။ သူတို့ကိုယ်တိုင်လဲ ကျင့်မှ ၀ိပဿနာဉာဏ်တွေ ရှိနေကြမှာပေါ့။ ဒါကလေးတွေ သင်ပေးပြပေးရုံနဲ့ သူတို့မှာ ၀ိပဿနာဉာဏ်တွေ ရှိနေကြပြီလို့-ပြောလို့ ရသေးတာ မဟုတ်ဘူး။ ၀ိပဿနာ ရှိနေသူတွေဟာ မဂ်ဉာဏ်ကို ရှာနေသူတွေပါ။ ၀ိပဿနာဉာဏ်တွေကို စုစည်း သိမ်းဆည်းနေကြတာပါ။ အသိဉာဏ်၊ အကျင့်ဉာဏ် (အနုဗောဓဉာဏ်၊ ပဋိဝေဓဉာဏ်) တွေကိုသာ အဆင့်အားလျော်စွာ တည်ဆောက်နေကြတာပါ။ အခြား ဗဟိဒ္ဓပစ္စည်းတွေကို အရေးထားကြတာ မဟုတ်ပါဘူး။ မဂ်ဉာဏ်ကိုရှာနေသည့် အချိန်နှင့် အခြားဟာတွေကို ရှာနေသည့် အချိန်တို့ကို ယှဉ်ကြည့်လျှင်...။
တရားအသိဉာဏ်၊ တရားအကျင့်ဉာဏ်ကသာ တည်မြဲတဲ့ အားကိုးရာပဲ။ စုထားနိုင်လေလေ၊ သိမ်းထားနိုင်လေလေ၊ တန်ဖိုးကြီးလေလေ၊ ဈေးတက်လေလေ၊ အဖိုးတန်လေလေပဲ ဆိုတာကို ၀ိပဿနာဉာဏ် (တကယ်ရှိသူတိုင်း) အသေအချာ သိကြပါတယ်။
မန္တလေးမြို့၊ စိန်ပန်း၊ ရတနာပုံ၊ မဟာစည်ရိပ်သာ ဆရာတော် ဘဒ္ဒန္တပညာဝံသဆိုရင် ပင့်ချင်မှပင့်၊ မပင့်ချင်နေတော့၊ မင်္ဂလာဆောင်တောင်မှ ၀ိပဿနာစပ်ဆိုင်ရာတရားပဲ ဟောပါတယ်။ ဆရာတော်ကြီး သက်တော်ထင်ရှား ရှိပါသေးတယ်။ သွားရောက် နာယူကြည့်ကြစေချင်လိုက်တာ။
ပဋိပတ္တိဝန်ထမ်းဘ၀ စတင် တာဝန်ယူကတဲက ၀ိပဿနာအလုပ်ပဲလုပ်ဖို့ အဓိဋ္ဌာန်ချထားတဲ့အကြောင်း စာရေးသူကို ရှင်းပြဖူးပါတယ်။ ဆရာတော့်ထံမှာ ဆယ့်သုံးရက်မျှ တရားဝင်ဖူးပါတယ်။ ၀ိပဿနာနဲ့ ပတ်သက်တဲ့ ဆရာတော်ကိုယ်တိုင်ရေး မှတ်တမ်း (ပါဠိ+အဋ္ဌကထာ+ဋီကာ+ အာစရိယ၀ါဒ) များ စာအုပ်လိုက် ကျပျောက်ခဲ့ရခြင်းကြောင့် ၎င်းမှတ်စုမျိုး ရေးပေးဖို့ စာရေးသူကို တိုက်တွန်းဖူးပါတယ်။ (အကူအညီ တောင်းဖူးပါတယ်။ စာရေးသူဘက်က မစွမ်းနိုင်သေးပါ။)
`တပည့်တော်မှာ `ဆရာတော့်ကို ဖူးချင်လို့ပါ´ ဆိုတာတွေနဲ့ အချိန်ကုန်နေရတာပါ။ စာကို ကြည့်ချိန်မရဘူး။ ညပိုင်းကလေး တရားထိုင်ဖို့တောင် မနဲကြိုးစားရတယ်။ ဒါလဲ နေ့ပိုင်းက အနေအထိုင် အဆင်မပြေရင် အားထုတ်ရတာ မကောင်းဘူး။ လူက ပန်းတယ်၊ မခံနိုင်ဘူး။ `ဒါကြောင့် ဟို-သမညဖလသုတ်ထဲက ဟတ္ထကုက္ကုစ္စ၊ ပါဒကုက္ကုစ္စ (လက်ခြေမလှုပ် တည်ငြိမ်လျက်) ဆိုတာမျိုးကလေးတွေကစလို့ ၀ိပဿနာနဲ့ စပ်ဆိုင်သမျှ ပါဠိ၊ အဋ္ဌကထာ၊ ဋီကာ၊ အာစရိယ၀ါဒ စာပိုဒ်ကလေးတွေကို ကျမ်းညွှန်းနဲ့တကွ ရှာဖွေမှတ်သားပေးစမ်းပါ´ စသည်ဖြင့် မိန့်တော်မူဖူးပါတယ်။
ဒီလိုဆရာတော်မျိုးမှာတောင် ဒီလိုမျိုးဝိပဿနာဉာဏ် ဖြစ်ပေါ်ချိန် ရှားပါးလှပါဘိတယ်ဆိုတော့ ၀ိပဿနာဉာဏ်အပေါ် ပေါ့ပေါ့ကလေး သဘောထားတဲ့သူတွေ သံဝေဂဖြစ်ဖို့ ကောင်းပါတယ်။ ကိုယ့်ကိုယ်ကို ဆင်ခြင်မိဖို့ ကောင်းပါတယ်။

`၀ိပဿနာဉာဏ် ရှိနေသူသာ အမြတ်ဆုံးအလှူခံပုဂ္ဂိုလ် ဖြစ်သည်ဆိုသော အချက်နှင့်စပ်၍ ဒကာ ဒကာမများ အသိအမြင် မမှားအောင် ရေးသားပါဦးမည်´ ဟု စာရေးသူ ဆင်ခြင်မိသောအခါ `ဓမ္မံ သရဏံ ဂစ္ဆာမိ´ကို ရှေးဦးစွာ သတိရမိပါသည်။
`ဓမ္မံ၊ မဂ်လေးတန်၊ ဖိုလ်လေးတန်၊ နိဗ္ဗာန်၊ ပရိယတ်အားဖြင့် ဆယ်ပါးသော တရားတော်မြတ်ကို။ သရဏံ၊ ကိုးကွယ်ရာ၊ အားထားရာ၊ မှီခိုရာ-ဟူ၍။ ဂစ္ဆာမိ၊ ဆည်းကပ်ပါ၏။ အသိအမှတ် ပြုပါ၏´ဤသို့သာ အဋ္ဌကထာ၊ ဋီကာတို့နှင့် ဆရာတော်များက အနက်အဓိပ္ပာယ် ဖွင့်ပြကြပါသည်။
တရားဆယ်ပါးတို့တွင် မဂ်လေးပါး၊ ဖိုလ်လေးပါး၊ နိဗ္ဗာန်တစ်ပါး=ပေါင်း ကိုးပါးတို့ကို ပဋိဝေဓဟု ခေါ်ပါသည်။ ပရိယတ်ဟု ဆိုအပ်သော ပိဋကတ်သုံးပုံ ဗုဒ္ဓစကားတော်တို့ကို ပရိယတ်တရားဟု ခေါ်ပါသည်။
ဤကိုးကွယ်ရာတရား ၁၀-ပါးတို့တွင် ပဋိပတ်တရားမှာ မုချတိုက်ရိုက်အားဖြင့် ကိုယ်ထည်ထင်ထင် ပါဝင်ခြင်းမရှိချေ။ `ဓမ္မံ၊ မဂ်လေးတန်၊ ဖိုလ်လေးတန်၊ နိဗ္ဗာန်၊ (ပဋိပတ်) အားဖြင့် ဆယ်ပါးသော တရားတော်ကို´ဟု မည်သည့် အဋ္ဌကထာ၊ ဋီကာကမျှ ဖွင့်ပြထားခြင်း မရှိချေ။
`ဤသို့ ဖွင့်ပြမှု မရှိခြင်းမှာ ဒါနကျင့်စဉ် ပဋိပတ်တရားများ၊ သီလကျင့်စဉ် ပဋိပတ်တရားများ၊ သမထကျင့်စဉ် ပဋိပတ်တရားများ၊ ၀ိပဿနာကျင့်စဉ် ပဋိပတ်တရားများက ကိုးကွယ်ရာ အားထားရာ မဟုတ်ကြသောကြောင့် ဖွင့်ပြမှုမရှိခြင်းဖြစ်သည်´ဟု အဓိပ္ပာယ် မယူရချေ။
`၀ိပဿနာဉာဏ်ရှိသူသာ အမြတ်ဆုံးအလှူခံ ဖြစ်သည်´ ဟု ယူမိကြလျှင်၊ `ဒါနတရားသည် ကိုးကွယ်ရာမဟုတ်´ စသည်ဖြင့် ယူမိကြလျှင် အလွန် မှားပေလိမ့်မည်။ ဒါနပဋိပတ်တရား အစရှိသော ပဋိပတ္တိတရားများသည်လည်း ကိုးကွယ်ရာ (သရဏ) များပင် ဖြစ်ကြသည်မှာ ယုံမှားဖွယ် မရှိချေ။
သို့ပါလျက် အဋ္ဌကထာ၊ ဋီကာနှင့် ဆရာတော်တို့က ဓမ္မသရဏအရတွင် ပဋိပတ်တို့ကို ဖွင့်မပြခြင်းမှာ လုံလောက်သောအကြောင်း ရှိပါသည်။ (စာမတတ်လျှင် မသိနိုင်ပါ။)
ဤနေရာ၌ မေးခွန်းတစ်ခု မေးလိုပါသည်။ ပဋိပတ်တရားသည် အဘယ်မှ လာသနည်း.. ဟူ၍ပင် ဖြစ်ပါသည်။ အဖြေကား-ပရိယတ္တိခေါ် ပိဋကတ်သုံးပုံ ဗုဒ္ဓစကားတော်တို့မှ လာသည်။ မှန်၏။ ဗုဒ္ဓပိဋကတ်တော်နှင့်ကင်းလျှင် ၀ိပဿနာဟူ၍ပင် မရှိကောင်းချေ။ ထို့ကြောင့် သာသနာပကာလတို့၌ ပစ္စေကဗုဒ္ဓါတို့မှာသာ ၀ိပဿနာဉာဏ်၊ မဂ်ဉာဏ်တို့ ရှိနိုင်ကြသည်။ ကျန်ပုဂ္ဂိုလ်တို့၌မူ ၀ိပဿနာဉာဏ်၊ မဂ်ဉာဏ် မရှိကောင်းချေ။ (မဟာပရိနိဗ္ဗာနသုတ္တ၊ ပါဠိတော်။)
ဤသာသနာတွင်း ကာလ၌လည်း ဗုဒ္ဓစကားတော်တို့နှင့် ကင်းလျှင် ၀ိပဿနာဉာဏ်၊ မဂ်ဉာဏ် မရှိကောင်းချေ။ ရိပ်သာဆရာတော်များသည် ပိဋကတ်ခေါ် ပရိယတ်တရားများကို သင်ကြားတတ်မြောက်ပြီးသား ဖြစ်ကြရပေမည်။ ပိဋကတ်မတတ်ဘဲ ၀ိပဿနာဆရာလုပ်လျှင် မိမိကိုယ်ကို တူးဖြိုရာရောက်ပေလိမ့်မည်။ (စွန်းလွန်းဆရာတော်ကဲ့သို့သော ပါရမီထူးရှိသူ အနည်းစုကို ခြွင်းချက်ထားပါသည်။)
ထို့ကြောင့် ၀ိပဿနာ ဆရာများသည်လည်း စာသင်တိုက်မှာနေ၍ ပရိယတ္တိစာပေ သင်ကြား ရယူထားကြရပါသည်။ ၀ိပဿနာရှုမှတ်သူ ယောဂီများသည်လည်း ပိဋကတ်ခေါ် ပရိယတ်တရားများကို သင်ကြားတတ်မြောက်ပြီးသားချည်း ဖြစ်ကြရပေသည်။ သို့ရာတွင် လူပုဂ္ဂိုလ်များအဖို့ ပြည့်စုံအောင် စာသင်နေချိန် မရှိကြရှာပေ။ ပရိယတ္တိသင်ယူမှုကိစ္စကို အလုပ်ပေးတရား မှတ်သားခြင်းမျှဖြင့် ပြီးကြရရှာပါသည်။ မှန်၏။ ဤအလုပ်ပေးတရား နာယူခြင်းသည် စင်စစ်အားဖြင့် ပရိယတ္တိကို အကျဉ်းချုပ်အားဖြင့် သင်ယူခြင်း (စာသင်ခြင်း) သာ ဖြစ်ပါသည်။
ဤသို့လျှင် ပရိယတ္တိနှင့်ကင်း၍ ပဋိပတ္တိဟူသည် မရှိကောင်းသောကြောင့် `ဓမ္မံ၊ မဂ်လေးတန်၊ ဖိုလ်လေးတန်၊ နိဗ္ဗာန်၊ ပရိယတ်အားဖြင့် ဆယ်ပါးသော တရားတော်ကို´ဟုသာ ဖွင့်ပြခြင်း ဖြစ်ပါသည်။ ပရိယတ္တိကို မုချအားဖြင့် တိုက်ရိုက်ယူ၍ (ယင်းပရိယတ္တိအရဖြင့်ပင်) ပဋိပတ္တိကိုလည်း ကာရဏူပစာရတ္ထအားဖြင့် ယူရသည်ဟု ဆိုလိုပါသည်။
ထို့ကြောင့် ပဋိပတ္တိခေါ် ဒါနကျင့်စဉ်၊ သီလ ကျင့်စဉ်၊ သမထကျင့်စဉ်၊ ၀ိပဿနာကျင့်စဉ် တို့သည်လည်း ဓမ္မဖြစ်သည်-သရဏ ဖြစ်သည်ဟုသာ မှတ်ယူရပါသည်။ ဤသို့ ယူမှသာလျှင် ပရိယတ္တိသာသနာ၊ ပဋိပတ္တိသာသနာ၊ ပဋိဝေဓသာသနာ ဟူသော သာသနာသုံးရပ် ပြည့်စုံ၍ ကျမ်းဂန်ချင်း နှီးနှောမိပါသည်။ (စာမတတ်လျှင် မသိ။)
တိုက်ရိုက်အားဖြင့် မပါသောကြောင့် ဓမ္မအရ (ဓမ္မသရဏအရ)တွင် ပဋိပတ္တိတရားကို မယူရ၊ ပဋိပတ္တိတရားသည် ဓမ္မမဟုတ်ဟု ဇွတ်ဆွဲယူလျှင် အမှားကြီး မှားမည်သာတည်း။
ဥပမာမူ...၀ိပဿနာဉာဏ် ရှိသူအား လှူမှသာ အမြတ်ဆုံးဖြစ်သည်။ ၀ိပဿနာဉာဏ်ရှိသူ ဆိုတာကလဲ တို့ရိပ်သာထဲမှာသာ ရှိသည်ဟုဆိုသော အမှားမျိုးပေတည်း။

ဤမျှလောက် ရေးသားတင်ပြလျှင် ဗုဒ္ဓဘာသာဝင် စာဖတ်ပရိသတ် ဒကာ ဒကာမတို့ အတွက် ပရိယတ္တိ သာသနာ့ဝန်ထမ်း ရဟန်းစာဆိုတစ်ပါး၏ တာဝန်ကျေပွန်ပြီဟု ခံယူပါသည်။ ပရိယတ္တိကို အားမကိုးထိုက်အောင် ဟောပြောရှုတ်ချလျက် တို့ရိပ်သာက အလှူခံပုဂ္ဂိုလ်တို့က အမြတ်ဆုံးဖြစ်အောင် အသိမှားများ ဝေငှရိုက်သွင်းနေသော ဆရာမျိုးမှာ အစာပေး၍ မွေးမြူခဲ့သော ကျေးဇူးရှင်ရသေ့ကို သတ်သည့် ဆင်မိုက်နှင့်တူကြောင်း၊ (သို့မဟုတ်) သပိတ်၊ သင်္ကန်း၊ ဆွမ်း၊ ရေချမ်း ပြင်ဆင်ဆက်ကပ် လုပ်ကျွေးနေသော တပည့်ကို ရိုက်ပုတ်စော်ကားသည့် ဆရာမိုက် (ဥပဇ္ဈာယ်ဆရာ) နှင့်တူကြောင်း စပ်ဟပ် ဖော်ပြလျက် ဤစာမူကို နိဂုံးကြီး ချုပ်လိုက်ပါသည်။
«မန္တလေး၊ စိန်ပန်း၊ ရတနာပုံ၊ မဟာစည်ရိပ်သာ ဆရာတော် ဘဒ္ဒန္တပညာဝံသထေရ် ကဲ့သို့ သော မှန်ကန်ရိုးသား တရားပြသည့် ပဋိပတ္တိဝန်ထမ်း ကျေးဇူးတော်ရှင် ထေရ်ရဟန်းများသို့ ဦးညွတ်ရိုကျိုး ရှိခိုးပူဇော်ပါ၏။
ဤကုသိုလ် ဤစေတနာတို့ကြောင့် သာသနာဝင် ဒကာ ဒကာမများ အမြင်မှန် ရရှိကြပါစေသော်။ မိတ်ဆွေယောင်ဆောင်ထားသည့် သာသနာ့ရန်သူများကို ရှောင်ရှားနိုင်ကြပါစေသော်။»
မစိုးရိမ်စာသင်သား
၂၀၀၇ ခုနှစ်၊ ဇူလိုင်လ၊ ဓမ္မရံသီမဂ္ဂဇင်း
(ဤဆောင်းပါးကို မဂ္ဂဇင်းမှာ ဖော်ပြစဉ်က ကလောင်အမည်တစ်မျိုးဖြင့် ဖော်ပြခဲ့ပါသည်။ အခြားဆောင်းပါးများကိုလည်း အခြားကလောင်အမည်အသီးသီးဖြင့် ဖော်ပြခဲ့ပါသည်။ ထို့ကြောင့် အချို့ဆောင်းပါးများ၌ မစိုးရိမ်စာသင်သားသည်ပင် ဇာတ်ဆောင် (အရေးခံ) အဖြစ် ပါရှိနေကြောင်း ဖော်ပြအပ်ပါသည်။ စာ၏ ဦးတည်ချက်သည်သာအရေးကြီးပါ၏။)